
Non-CDM ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ လတ်တလောမှာ အစီအစဉ် မရှိသေးဘူးလို့ စစ်အာဏာရှင်ရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခက်အခဲကြုံနေရတဲ့ ပညာရေးဝန်ထမ်းတွေအတွက် လစာ ဒါမှမဟုတ် ချီးမြှင့်ငွေ တိုးမြှင့်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ ဇူလိုင် ၂၈ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေးက မူလတန်းပြ ဆရာ၊ ဆရာမ တယောက်ရဲ့ အခြေခံလစာနဲ့ ထောက်ပံ့ကြေး ပေါင်းရင် ပျမ်းမျှ ကျပ် ၃ သိန်းဝန်းကျင်သာ ရရှိပြီး ကြက်ဥတလုံးကို ကျပ် ၆၀၀ ကျော်အထိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လုံလောက်မှုမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် ပညာရေးဝန်ထမ်းတွေအတွက် ထိုက်သင့်တဲ့ လစာ၊ စိတ်ချရတဲ့ နေထိုင်ရေးနဲ့ ကျန်းမာရေး အာမခံစနစ်တွေ စီစဉ်ပေးဖို့ လွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံတော်အနေနဲ့ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို တိုးမြှင့်တဲ့အခါ ပညာရေးဝန်ထမ်းတွေအတွက်သာ သီးခြားတိုးမြှင့်တာ မဟုတ်ဘဲ ဝန်ကြီးဌာနအားလုံးက နိုင်ငံ့ဝန်ထမ်းအားလုံးကို တပြေးညီ တိုးမြှင့်တဲ့ မူဝါဒကို ကျင့်သုံးတယ်လို့ ရှင်းလင်း ပြောပါတယ်။
ဒါ့အပြင် လစာတိုးမြှင့်ရေးကို စဉ်းစားတဲ့အခါ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံ့ဝန်ထမ်းဦးရေ၊ ပင်စင်စားတွေနဲ့ နေ့စားဝန်ထမ်းတွေအတွက် ကုန်ကျစရိတ် အပါအဝင် ဘတ်ဂျက်ခံနိုင်ရည်ကို ထည့်သွင်းစိစစ်ရတာ ဖြစ်တဲ့အတွက် လတ်တလောမှာ ပညာရေးဝန်ထမ်းတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးကို လစာတိုးမြှင့်ပေးဖို့ ဒါမှမဟုတ် ထိုက်သင့်တဲ့ ချီးမြှင့်ငွေ ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
ဒုတိယဝန်ကြီးက လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် အခြေခံလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ဒေသစရိတ်၊ ခရီးစရိတ်နဲ့ တည်းခိုစရိတ် စတဲ့ ခံစားခွင့်တွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်ခံနိုင်ရည်အပေါ် မူတည်ပြီး ပေးထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပညာရေးဝန်ထမ်းတွေအတွက်လည်း ကျောင်းအုပ်ကြီးတွေကို အုပ်ချုပ်မှုစရိတ်အဖြစ် အခြေခံလစာရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ဆရာ၊ ဆရာမတွေကို ရရှိထားတဲ့ ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေတွေ (ဥပမာ - ပါရဂူဘွဲ့ ၃၀,၀၀၀ ကျပ်၊ မဟာဘွဲ့ ၂၅,၀၀၀ ကျပ်၊ ဘွဲ့လွန်ဒီပလိုမာ ၁၀,၀၀၀ ကျပ်) ပေးအပ်နေတယ်လို့ ဆိုပါတယ်။
ဆက်စပ်မေးခွန်းအဖြစ် လွှတ်တော်ကိုယ်စားလှယ်က လာမဲ့ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ လျာထားတဲ့အခါ ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ရေးကို ဦးစားပေး ထည့်သွင်းစဉ်းစားပေးဖို့ ထပ်မံတိုက်တွန်းခဲ့ရာမှာ ဒုတိယဝန်ကြီးက လစာ ဒါမှမဟုတ် ချီးမြှင့်ငွေ တိုးမြှင့်လိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနက သမ္မတရုံးကို မူဝါဒရရှိရေး အဆိုပြု တင်ပြရမှာဖြစ်ပြီး အဲဒီနောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးကော်မတီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ ခွင့်ပြုချက်တွေ ရယူပြီးမှသာ ဘတ်ဂျက်မှာ ထည့်သွင်းလျာထားနိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကတင်ပြလာရင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
တဖက်မှာလည်း ပုံသေလစာစား ဝန်ထမ်းတွေ အလွန်အမင်း အကျပ်ရိုက်စေတဲ့ ကုန်ဈေးနှုန်း ပြဿနာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က လွှတ်တော်တွင်းမှာ ထောက်ပြမေးမြန်းမှုတွေ ရှိခဲ့ပါတယ်။
အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ပေါ်ဆန်းမွှေးတပြည် ကျပ် ၉,၀၀၀၊ စားအုန်းဆီ တပိဿာ ကျပ် ၁၇,၀၀၀၊ မြေပဲဆီ တပိဿာ ကျပ် ၂၈,၀၀၀ ကနေ အာလူး တပိဿာ ကျပ် ၆,၀၀၀ အထိ ပုံမှန်ထက် ၃ ဆ၊ ၄ ဆလောက် မြင့်တက်နေတာကို လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) ကိုယ်စားလှယ် ဦးနေဝင်းက တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ စစ်အာဏာရှင်အစိုးရဘက်ကတော့ ချက်ချင်းလုပ်ဆောင်မဲ့ လက်တွေ့ အစီအမံတွေထက် စားသုံးသူဈေးဆနှုန်း (CPI) စာရင်းဇယားတွေနဲ့ ရည်ညွှန်းဈေး သတ်မှတ်ချက်တွေကိုသာ အကြောင်းပြ ဖြေကြားခဲ့သလို၊ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ကလည်း ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မမျှတတာ၊ ကုန်ကျစရိတ် ကြီးမြင့်တာတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် အောက်ခြေဝန်ထမ်းတွေနဲ့ ပြည်သူတွေဟာ မြင့်တက်နေတဲ့ ပြင်ပပေါက်ဈေးတွေအောက်မှာ နေ့စဉ် အခက်အခဲကြီးစွာ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။










