
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ငါးနှစ်တာဝန်ထပ်မံထမ်းဆောင်နိုင်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒီကနေ့ ကြေညာပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လိုက်တယ်လို့လည်း ဥပဒေမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ဖို့နဲ့ ပြည်သူတွေ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။
ဒီဥပဒေဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်အာဏာတည်စေရမှာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းဟာ ဒီဥပဒေစတင်အာဏာတည်တဲ့နေ့မှစတင်ကာ ငါးနှစ်အထိဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့် အမည်နဲ့ ထုတ်ပြန်တဲ့ ဥပဒေမှာ ပါရှိပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိရာထူး သက်တမ်းမကုန်ခင်မှာ တပ်မတော်ကဖမ်းဆီးတရားစွဲပြီး နိုင်ငံတော် အာဏာသိမ်းယူထားတာ ဖြစ်ပါတယ်။