
ဘာသာရေးလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေတဲ့ ကချင်တိုင်းရင်းသူ ဆရာဝန်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂျာဆိုင်းအိန်ဟာ နော်ဝေနိုင်ငံက ပေးအပ်တဲ့ Stefanus (စတီဖန်နပ်စ်) လူ့အခွင့်ရေးဆုကို ရရှိခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဂျာဆိုင်းအိန်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် အခုလို အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပြီး ဆုကြေးငွေ ယူရို ၁၀,၀၀၀ လည်း ရရှိတယ်လို့ နော်ဝေအခြေစိုက် Panorama nyheter သတင်းမှာ ဖော်ပြပါတယ်။
ဂျာဆိုင်းအိန်က “ကျမတို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲကို အသိအမှတ်ပြုပြီး မမေ့မလျော့ ရှိနေတယ် ဆိုတာကို Stefanus ဆုက ပြသနေပါတယ်” လို့ မတ် ၂၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကမ္ဘာပေါ်မှာ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေ များပြားနေချိန်မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲကို တချို့က မေ့လျော့နေပြီး တချို့က လျစ်လျူရှုထားကြတယ်လို့ သူက ဆိုပါတယ်။
Stefanus ဆုချီးမြှင့်ရေး ကော်မတီဥက္ကဋ္ဌ ဘုန်းတော်ကြီး အင်းဂီဘော့မစ်ထွမ်းမားက ဂျာဆိုင်းအိန်ဟာ ပြည်ပမှာ နေထိုင်နေရပေမဲ့ မြန်မာနိုင်ငံက လူငယ် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အားကောင်းလာအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ မိန့်ကြားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူဟာ အနာဂတ်မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အရေးပါတဲ့ ကွန်ရက်တခုကို တည်ဆောက်ခဲ့ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ ဒေသတွင်းက တခြား လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် လှုပ်ရှားသူတွေ အပေါ်မှာပါ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
Stefanus ဆုဟာ လူသားအားလုံးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ မှာ ဖော်ပြထားတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကာကွယ်စောင့်ရှောက်ရာမှာ ထူးခြားပြောင်မြောက်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေကို ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုတဆု ဖြစ်ပါတယ်။
ဒီဆုကို ၂၀၀၅ ခုနှစ်က နော်ဝေနိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့ Stefanus Alliance International က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ၂ နှစ် တကြိမ် ချီးမြှင့်ခဲ့တာပါ။
ဆုနှင်းသဘင် အခမ်းအနားကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပလေ့ ရှိပါတယ်။
Source: Panorama nyheter











