
KIA ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာရှိတဲ့ အများပြည်သူအသုံးပြုနေတဲ့ တာပိန်မြစ်ကူးတံတားကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်-မိုးမောက်-မြစ်ကြီးနား သွားလမ်းပေါ်က တာပိန်မြစ်ကူးတံတား မြို့သစ်တံတားကို လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် မြို့သစ်တံတားအဟောင်းနဲ့ မြို့သစ်တံတားအသစ် ၂ ခုလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“အခုမနက် ၁၀ နာရီဝန်းကျင်လောက်မှာပဲ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး မြို့သစ်တံတားကို လာကြဲသွားတယ်။ တံတားအဟောင်းကော တံတားအသစ်ကော။ တံတားအဟောင်းက လုံးဝကျိုးပြီး ရေထဲမြုပ်သွားပြီ။ တံတားအသစ်ကလည်း တော်တော်လေး ထိထားတယ်။ ဗုံးက တော်တော်ပြင်းတယ်။ ပတ်ဝန်းကျင်အကုန်လုံးလည်း ပြောင်သလင်းခါဖြစ်သွားတယ်။ တံတား ၂ ခုကို လာပစ်သွားတာ။”
စစ်အာဏာရှင်တပ်ဟာ ဗန်းမော်မြို့ကနေ မိုးမောက်သွားလမ်း ၃ မိုင်နေရာအထိ စစ်ကြောင်းဖြန့်ပြီး ထိုးစစ်ဆင်နေသလို အဲဒီစစ်ကြောင်းတွေဟာ အောက်တိုဘာ ၁၁ ရက်က ၃ မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို မံစီနဲ့ မိုးမောက်ဘက်ကိုပါ စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ လေကြောင်းပစ်ကူအပါအဝင် စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းမှာ မန္တလေးဘက်ကနေ စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိလာပြီးနောက် စစ်တပ်ဘက်က ထိုးစစ်အရှိန် မြှင့်လာတာလို့ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော် - မံစီ - မိုးမောက်တကြောရှိ မိုးမောက်မြို့အထက် မြို့သစ်တံတား စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပြီး တံတားပျက်စီးသွားတာကြောင့် ဒေသခံတွေရဲ့ သွားလာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲတွေရှိလာနိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အခုလောလောဆယ်တော့ အသွားအလာ ကန့်သတ်ထားတယ် အဲလိုဖြစ်ပြီးနောက်။ တံတားဖြတ်ခွင့်ကိုလည်း ပိတ်ထားတယ်။ လောလောဆယ် ဆိုင်ကယ်တွေပဲ သွားလာလို့ရတယ်။ ပုံမှန်သွားနေကျ တံတားအသစ်ကတော့ တော်တော်ထိထားတယ်ဆိုတော့ ရေရှည်သုံးလို့ရမလား မရဘူးလားဆိုတာတော့ မပြောတတ်ဘူး။ ဒီတံတားပျက်သွားရင်တော့ လမ်းပန်းဆက်သွယ်ရေးကတော့ ခက်ခဲလာမယ်။ ဗန်းမော်-မိုးမောက်-မြစ်ကြီးနား လမ်းပေါ်က တာပိန်မြစ်ကူးတံတားဆိုတော့။”
စစ်အာဏာရှင်တပ်ဟာ KIA ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မိုးမောက်မြို့နယ်တခုလုံးကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟန်န











