USS အေဘရာဟင်မ်လင်ကွန်း လေယာဉ်တင်သင်္ဘောနဲ့ တခြားအမေရိကန်ရေတပ်သင်္ဘော ၂ စင်း ထိုင်းနိုင်ငံကို လာရောက်မှာဖြစ်လို့ ပတ္တယားမှာ သင်္ဘောအုပ်စုမလာခင် ထိုင်းအာဏာပိုင်တွေက လမ်းဘေးပြည့်တန်ဆာ နှိမ်နင်းမှုလည်း လုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
အမေရိကန် သင်္ဘော ၃ စင်းဟာ စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ ထိုင်းအရှေ့ဘက်ကမ်းရိုးတန်း လဲမ်ချာဘန်ဆိပ်ကမ်းကို လာရောက်ဖို့ စီစဉ်ထားပြီး ဘတ် ၅ သန်းကနေ ၁၅ သန်းအထိ သုံးစွဲငွေ ဝင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အရှေ့အလယ်ပိုင်း တာဝန်ထမ်းဆောင်မှုအပြီး သင်္ဘောသားတွေ အနားယူဖို့နဲ့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဖြည့်တင်းဖို့ ဒီခရီးစဉ်ကို စီစဉ်တာဖြစ်ပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီခရီးစဉ်ဟာ “အပန်းဖြေအနားယူဖို့သာ”ဖြစ်ပြီး ထိုင်းနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု မရှိဘူးလို့ ပြောပါတယ်။ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းဖို့ ထိုင်းကို လာတာဆိုတဲ့ သတင်းတွေကိုလည်း ထိုင်းအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။
USS အေဘရာဟင်မ်လင်ကွန်းပေါ်မှာ သင်္ဘောသားနဲ့ မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅,၀၀၀ ခန့် ရှိပြီး ပုံမှန်ဆိပ်ကမ်းနားခွင့်မရဘဲ ရက်ပေါင်း ၂၅၀ ကျော် ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
ပတ္တယားမြို့ကတော့ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဧည့်သည်တိုးလာနိုင်တာကြောင့် ပြင်ဆင်နေပါတယ်။
ပတ္တယားမြို့တော်ဝန် ပရာမက် ငမ်ပီချက်က တပ်ဖွဲ့ဝင် တယောက်ကို ဘတ် ၁,၀၀၀ ကနေ ၃,၀၀၀ အထိ သုံးစွဲနိုင်ပြီး စုစုပေါင်း ဘတ် ၅ သန်းကနေ ၁၅ သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အမှန်တကယ် ဝင်ငွေပမာဏက ကမ်းပေါ် အပန်းဖြေခွင့်ရမဲ့ လူအရေအတွက်နဲ့ ပတ္တယားကို လာရောက်မဲ့ အရေအတွက်ပေါ် မူတည်မှာ ဖြစ်ပါတယ်။











