
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲမှာ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံက ပါဝင်လာခဲ့ပြီး ခန့်မှန်းအင်အား ၃ သိန်းဝန်းကျင်ရှိခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို မုံရွာမြို့တင်သာမက အနီးတဝိုက် မြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ လာရောက်ဝန်းရံခဲ့ကြသလို နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ ကျောင်းဆရာဆရာမတွေ၊ အင်ဂျင်နီယာတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မသန်စွမ်းတွေ၊ ကလေးမိခင်တွေ၊ လူငယ်တွေအများစု ပါဝင်ခဲ့ကြပါတယ်။
မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၃ ရက်မြောက်ရှိပြီဖြစ်ကာ အထွေထွေသပိတ်ကော်မတီကိုလည်း ဖွဲ့စည်းထားပါတယ်။
လက်ရှိမှာ လူမှုကွန်ရက်ကနေ ပြည်သူတွေကို မိန့်ခွန်းပြောကြားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်ကိုလည်း စစ်တပ်က ထပ်မံဖမ်းဆီးလိုက်ပြီး ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကိုလည်း သိမ်းယူထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ခေါ်ယူထားပြီးဖြစ်ပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မုံရွာတင်မက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အားလုံးနီးပါးမှာလည်း ပြုလုပ်နေကြသလို ထွေအုပ်ဝန်ထမ်းတွေ၊ စည်ပင်သာယာရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတွေအပြင် တခြားသော နိုင်ငံ့ဝန်ထမ်းတွေကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်လာကြပါတယ်။
အာဏာရှင်စနစ်မပြုတ်ကျမခြင်း သပိတ်မှောက်တာကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သပိတ်ကော်မတီက ကြေညာထားပါတယ်။
မုံရွာမြို့မှာတော့ ဘဏ်တချို့နှင့် ဈေးဆိုင်တော်တော်များများ ပိတ်ထားကြပါတယ်။ ညနေပိုင်းမှာလည်း ထွေအုပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်










