အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား ယာယီ အပစ်အခတ် ရပ်ထားပေမဲ့ ဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်သေးတာကြောင့် အဲဒီမှာ ရက် ၅၀ ကျော်ကြာ ပိတ်မိနေတဲ့ သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသင်္ဘောသားတွေဟာ ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား အချိန် ၂ ပတ်ကြာ ယာယီ အပစ်ရပ်စဲထားပေမဲ့ ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး အခြေအနေက မတည်ငြိမ်သေးပါဘူး။
ဧပြီ ၂၂ ရက်မှာ အီရန်ဘက်က ကုန်တင်သင်္ဘော ၂ စင်းကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရေကြောင်းလုံခြုံရေး စိုးရိမ်မှုတွေလည်း ပိုပြီး မြင့်တက်နေပါတယ်။
ဒီအခြေအနေတွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ မဖြစ်နိုင်သေးဘဲ သင်္ဘောတွေ ပင်လယ်ပြင်မှာ ရပ်နားထားရတာ အချိန် ၂ လနီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။
အဲဒီသင်္ဘောလိုင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သင်္ဘောသားတွေဟာ အချိန်နဲ့အမျှ သတင်းတွေ နားစွင့်နေကြပြီး ဟောမုဇ်ရေလက်ကြားကနေ ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ဟော်မုဇ်ရောက် မြန်မာသင်္ဘောသားတယောက်က “စစ်ဖြစ်တာက ၂ လ ပြည့်တော့မယ်။ ဒီ ၂၈ ရက်ဆို ၂ လပြည့်ပြီ။ ၂ လပြည့်ပြီဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဘယ်တော့ထွက်ရမလဲဆိုတဲ့ မျှော်လင့်ချက်က ဝေဝါးလာတာ ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ဘာမှ ထွေထွေထူးထူး မဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ဇဝေဇဝါမှုများစွာနဲ့ တကယ် ထိရောက်မဲ့အဖြေမျိုး စောင့်နေပါတယ်။ တချို့တွေဆိုရင် ဒီထဲမှာ Contract ပြည့်သွားတဲ့ သင်္ဘောသားတွေ ရှိတယ်။ သူတို့တွေဆိုရင် ကျနော်တို့ သိရသလောက်က ဒူဘိုင်းမှာ Cruise Change လုပ်နေတာ တွေ့ရပါတယ်။ တချို့တွေက မြန်မာတွေ အများစုက personal သောက်တဲ့ ဆေးဝါးတွေ ကုန်တာတွေ၊ ပြတ်တာတွေ ရှိတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်လည်း ထိခိုက်နေပြီး ဘရန့် ရေနံစိမ်း ဈေးနှုန်းဟာ သီတင်းနှစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ပြောဆိုထားပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မတိုးတက်သေးတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာသင်္ဘောသားတယောက်က “ဒီစစ်အတွင်းမှာ ဘာမဆိုင် ညာမဆိုင်နဲ့ ရောက်နေတာဆိုတော့ စိတ်ပူပန်မှု ရှိတာပေါ့။ သူတို့တွေ ပစ်ကြခတ်ကြပြီ ဆိုရင်လည်း ကျနော်တို့မှာ ပြေးစရာနေရာ သင်္ဘော၊ ရွှေ့စရာနေရာက များများစားစား မရှိဘူး။ ဒီထဲက ကျဉ်းတယ်။ ပြီးတော့ သင်္ဘောတွေက ပြွတ်နေတာပေါ့။ တစီးနဲ့တစီးက သိပ်မကွာဘူး။ ၂ မိုင်လောက်ပဲ ကွာတယ်။ အဲလို မျှောထား ကျောက်ချထားတယ်ဆိုတော့ စိုးရိမ်ပူပန်မှုက ရှိနေတာပေါ့။ တကယ်တမ်း နင်လား ငါလား ဖြစ်ကြပြီဆိုရင်ပေါ့။ ဒီဟော်မုဇ်ကိုလည်း အမြန်ဆုံး ပြန်ဖွင့်စေချင်တယ်။ အဓိက မျှော်လင့်တာပေါ့။ ဒါမှ ကျနော်တို့ အပြင်ရောက်နိုင်မယ်။ လုံခြုံမယ်။ မိသားစုဝင်တွေကလည်း စိုးရိမ်နေတာပေါ့။ အခြေအနေတွေက အဲ့လိုရှိပါတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မတ် ၃ ရက်မှာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့တာပါ။
လက်ရှိအချိန်ထိ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ မသေချာတဲ့ အခြေအနေတွေကြားမှာ အရှေ့အလယ်ပိုင်းဒေသရောက် သင်္ဘောလိုင်း ရာနဲ့ချီဟာ ဟော်မုဇ်ကိုဖြတ်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇွဲသစ်










