
ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို စစ်တပ်ကနေ ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့တဲ့အပေါ် ကျေနပ်မှုမရှိတာကြောင့် ရန်ကုန်မှာရှိတဲ့ သိန်းနဲ့ချီနဲ့ ပြည်သူတွေဟာ မြို့နယ်အားလုံးမှာ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်နေပါတယ်။
ဒီဆန္ဒဖော်ထုတ်ပွဲမှာ ဆယ်ကျော်သက် လူငယ်တွေ ဦးဆောင်ပြီး စစ်အစိုးရ အလိုမရှိ၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရကို အလိုမရှိဘူးလို့ ဆန္ဒဖော်ထုတ်နေတာပါ။
ဒီလို ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ရန်ကုန်နာရေးကူညီမှု အသင်းအပါအဝင် ပရဟိတ အဖွဲ့အစည်းတွေ နဲ့ ပြည်သူတွေဟာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနေတဲ့အပြင် စားစရာတွေလည်း ဝေငှပေးနေပါတယ်။
သိန်းနဲ့ချီပြီး ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကြားမှာ လူငယ်တွေကလည်း လမ်းပေါ်မှာ အမှိုက်တွေ မကျန်ခဲ့အောင် စည်းကမ်းတကျ အမှိုက်တွေ လိုက်လံ သိမ်းဆည်းပေးနေပါတယ်။ စစ်တပ်က အာဏာသိမ်းယူပြီး ၈ ရက်မြှောက်နေ့ မှာတော့ မြန်မာတစ်နိုင်ငံလုံးက အစိုးရဝန်ထမ်း တွေအပါအဝင် ပြည်သူအားလုံးဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန် ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်အသီးသီးက ပြည်သူတွေဟာ ဆူးလေဘုရားအနီး၊ မြေနီကုန်းနဲ့ဘလှည်းတန်းလမ်းဆုံ နေရာတွေမှာ သက်ဆိုင်ရာ သပိတ်ကြောင်းတွေအလိုက် ဆန္ဒဖော်ထုတ်နေကြပြီး ဆန္ဒဖော်ထုတ်မှုတွေကလည်း ဆက်လက် အရှိန်မြင့်တက်နေပါတယ်။
ပြည့်ဘုန်းအောင်










