
၇၉ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တိုင်းမှာ လူထုလှုပ်ရှားမှု ရှိ၊ မရှိ စောင့်ကြည့် သတင်းပေးဖို့ စစ်အာဏာရှင်တပ်က အုပ်ချုပ်ရေးအဖွဲ့ကို အမိန့်ပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နယ်လုံဝန်ကြီးက မြို့နယ်ထွေအုပ်ရုံးတွေကို ဇူလိုင် ၁၅ ရက်က ညွှန်ကြားခဲ့တာဖြစ်ပြီး မိမိမြို့နယ်အတွင်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းရမယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အာဇာနည်နေ့ရောက်တိုင်း စစ်တပ်က မြို့ခံတွေကို စောင့်ကြည့်ဖို့ ညွှန်ကြားတာ နှစ်တိုင်းပဲ။ ဒါပေမဲ့ ဒီနှစ် ဆန္ဒပြ ကမ်ပိန်းနဲ့ လုပ်မဲ့လူငယ်တွေကို စောင့်ကြည့်ဖို့ရယ်၊ ပဲပြုတ်နဲ့ နံပြားကျွေးမဲ့ အိမ်တွေကို မှတ်တမ်းတင်ဖို့ စည်းကမ်းချက်အသစ် တိုးလာတယ်။”
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ လူစည်ကားရာနေရာ လမ်းဆုံလမ်းခွနဲ့ ပန်းခြံလိုနေရာတွေမှာ အရပ်ဝတ်တွေနဲ့ မနက် ၆ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့ မင်္ဂလာဒုံမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်၊ ရဲနဲ့ ထွေအုပ်ပေါင်းပြီး စောင့်ကြည့် လုံခြုံရေးယူပြီး ကားပေါ်မှာ တူညီဝတ်စုံ ဝတ်ထားတဲ့သူတွေ တွေ့ရင် စစ်ဆေးရမယ်။ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန္ဒပြကမ်ပိန်းလုပ်မဲ့သူတွေကို စောင့်ကြည့်ရမယ်။ စောင့်ကြည့် လုံခြုံရေးယူနေတဲ့အချိန် အင်တာနက်ကို ဖွင့်ထားရမယ်။”
ဒါ့အပြင် လူမှုကွန်ရက်ပေါ်ကနေ စစ်အာဏာရှင်အစိုးရကို ဝေဖန်ရေးသားသူတွေကို အချိန်မီ ဖမ်းဆီးနိုင်ဖို့ အင်တာနက်ကို ဖွင့်လှစ်ထားရမယ်လို့ ညွှန်ကြားစာထဲမှာ ပါရှိကြောင်း သူက ပြောပါတယ်။
စစ်အာဏာရှင်တပ်မှာ ပြည်သူလူထုကို ရက်ကြီး အခါကြီးတွေမှာ ဖမ်းဆီးဖို့ ကြိုတင်စီစဥ်ထားတာဖြစ်ပြီး နှစ်စဥ် ဖမ်းဆီးနေကြဖြစ်လို့ မထူးဆန်းကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က အသက်မဲ့တဲ့ ဗိုလ်ချုပ်ရုပ်တုတောင် ကြောက်ပြီး လိုက်ဖြိုချနေတာ။ အသက်ရှိနေတဲ့လူတွေက ဗိုလ်ချုပ်ကို ဂုဏ်ပြုမှာ ပိုကြောက်တာပေါ့။ အာဏာသိမ်းပြီးကတည်းက နည်းလမ်းမျိုးစုံနဲ့ လူထုကို ဖမ်းဆီးနေတာ ဆိုတော့ မထူးဆန်းပါဘူး။”
အာဇာနည်နေ့ကို စစ်ခေါင်းဆောင်တွေက မလွှဲမရှောင်သာ ကျင်းပနေပေမဲ့ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနဲ့ မန္တလေးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖြိုချနေတာပါ။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ပြုလုပ်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ကစပြီး ဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဂါရဝပြုခွင့် မပေးတော့ပါဘူး။
Photo: MOI










