
ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖားကန့် KPDF ရဲဘော်တွေ ၊ CDM မိသားစုတွေနဲ့ ဖားကန့်သပိတ်အဖွဲ့ဝင်တွေက ကျင်းပခဲ့ကြပါတယ်။
ဖားကန့် တော်လှန်ရေးအဖွဲ့ဝင်တွေက အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးနဲ့ တကွ ခေတ်အဆက်ဆက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြကာ အာဇာနည်တွေအတွက် ဆုတောင်းခဲ့ကြပါတယ်။
ဒါ့အပြင် ဖားကန့်မှော်လှည့် သပိတ်နဲ့ ဖားကန့်ပြည်သူတွေကလည်း အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပြီး စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးမှာ ပြည်သူအားလုံးပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့ မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက် တရားမဝင် သမ္မတ မင်းအောင်လှိုင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရတို့က မြန်မာပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်တဲ့ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်မဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။
ဧရာဝတီမြစ် ကမ္ဘာတည်သရွေ့ လွပ်လပ်စွာ စီးဆင်းပါစေ၊ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် မြစ်ဆုံကို ဖျက်ဆီးတာ ချက်ချင်းရပ်ဖို့ တောင်းဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ မြစ်ဆုံစီမံကိန်း ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။











