တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမြို့တွေဖြစ်တဲ့ ဂျောင်ဆန်နဲ့ ပိုဟန်မြို့တွေအတွက် အရေးပေါ်အပူလှိုင်း သတိပေးချက်ကို ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လမှာစတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အစွန်းရောက် ရာသီဥတု သတိပေးချက်စနစ်အသစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုတာလို့ ကိုရီးယား မိုးလေဝသ စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။
ဒေသတွင်း အပူချိန်တွေက ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်မယ်လို့လည်း ခန့်မှန်းထားပြီး သတိပေးချက်ဟာ မြို့ ၂ မြို့မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီတိတိမှာ အသက်ဝင်ခဲ့ပါတယ်။
စနစ်အသစ်အရ ဒေသတခုဟာ အနည်းဆုံး ၂ ရက်ဆက်တိုက် အမြင့်ဆုံး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ မှတ်တမ်းတင်ထားရင်၊ အနည်းဆုံး နောက်ထပ်တရက်အတွက် ခံစားရတဲ့ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ဖြစ်ရင်၊ ဒါမှမဟုတ် အမှန်တကယ်အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်ကို ရောက်မယ်ဆိုရင် အစွန်းရောက် အပူချိန် သတိပေးချက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ မြို့ ၂ မြို့လုံးမှာ အပူချိန်တွေက ၃၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပြီ ဆိုတာကို KMA အချက်အလက် တွေက ပြသထားပါတယ်။
ပူပြင်းတဲ့အခြေအနေတွေဟာ ဇူလိုင် ၁၃ ရက်အထိ ဆက်ရှိနေမယ်လို့ ရာသီဥတုအေဂျင်စီက ခန့်မှန်းထားပါတယ်။
Source: Reuters










