
တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒေသခံတွေလူဦးရေသိန်းချီပြီး ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် မနက်က ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။
ဒီမိုကရေစီရရှိရေး ဒို့အရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ ၊ အမေစု ကျန်းမာပါစေ၊ မတရားမှုမှန်သမျှ ဖီဆန်ကြစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ စီတာပူရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ မြစ်ကြီးနားဆေးရုံကြီးအရှေ့ကနေ ၊ ဗိုလ်ချုပ်ပန်းခြံ၊ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးအရှေ့မှ ခေမာသီရီရပ်ကွက်မှတစ်ဆင့် မြစ်ကြီးနားဘူတာရှေ့ကနေ နေ့လည်၁၂နာရီအထိ ဆန္ဒထုတ်ဖေါ် နေဆဲဖြစ်ပါတယ်။
ဒီနေ့ မြစ်ကြီးနားမှာ ဆိုင်ကယ်တွေနဲ့ ကားတွေနဲ့လည်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ရာလမ်းတချို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ အနည်းငယ် လုံခြုံရေး ချထားတာတွေ့ရပေမဲ့ ဆန္ဒပြသူတွေကို တားဆီးတာမျိုးမရှိပါဘူး။
ကချင်ပြည်နယ်ရှိ ပူတာအိုမြို့၊ ဗန်းမော်မြို့ ၊ ရွှေကူမြို့၊ ဖားကန့်မြို့နဲ့ မိုးကောင်းမြို့တို့မှာ လည်း တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြောင်း မြို့ခံတွေက ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။










