
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အတွက် အခြေအနေတွေကို ဒီအတိုင်း ကြည့်နေလို့ မရကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကတ်ကယောက်က ပြောလိုက်ပါတယ်။
ဧပြီ ၂၈ ရက်က ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် အာဆီယံ- အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေးအတွင်း ဖိလစ်ပိုင်နဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီတွေ့ဆုံပြီး ဒေသတွင်း ပဋိပက္ခတွေကို ဆွေးနွေးခဲ့ချိန်မှာ သူက ခုလိုပြောလိုက်တာပါ။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာခရစ်ရှနန်နဲ့ ဆွေးနွေးရာမှာတော့ မြန်မာ့ အရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး စင်ကာပူဘက်က မြန်မာ့အရေးမှာ သိသာတဲ့ တိုးတက်မှု တွေ မြင်ချင်နေပေမဲ့ အချိန်ကာလအပိုင်းအခြားအပေါ် စိုးရိမ်မှု ရှိနေတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။
အခုအခါမှာတော့ အာဆီယံအနေနဲ့ မြန်မာခေါင်းဆောင်တွေကို အစည်းအဝေးတွေ မဖိတ်ဘဲ ဆက်ပြီး အထီးကျန်ထားမလား၊ ဒါမှမဟုတ် ဆက်ဆံရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးမလား ဆိုတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု ချရတော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာကို ဆက်ပြီး အထီးကျန်ထားမယ်ဆိုရင် ဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာနိုင်ပြီး ဆက်ဆံရေး ပြန်လည် စတင်နိုင်ရင်တော့ ဒေသတွင်း တည်ငြိမ်မှုနဲ့ အာဆီယံရဲ့ စည်းလုံး ညီညွတ်မှုကို အကျိုးရှိစေမှာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားမှုတွေအကြောင်း ရှင်းပြခဲ့သလို ထိုင်းဘက်ကတော့ လက်နက်ကိုင် ပစ်ခတ်မှု တွေ ရပ်စဲဖို့တင်မကဘဲ အပြန်အလှန် "နှုတ်လှန်ထိုး စစ်ပွဲ" တွေပါ ရပ်တန့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားဘက်က ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ အစည်းအဝေးရက် တွေကို ရုတ်တရက် ထုတ်ပြန်တာမျိုးတွေဟာ ထိုင်းနိုင်ငံကို အဆိုးမြင်ခံရအောင် တွန်းပို့သလို ဖြစ်နေပြီး ဒီပဋိပက္ခတွေ ပြေလည်ဖို့ဆိုရင် ကမ္ဘောဒီးယားဘက်က စိတ်ရင်းမှန်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့လည်း ပြောလိုက်ပါတယ်။










