စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ သံပုံးတီးတဲ့ သားအမိ နှစ်ယောက်ကို ရဲတွေက မနေ့ညက အိမ်ထဲအထိ ဝင်ရောက် ဆွဲခေါ် ခြိမ်းခြောက်ခဲ့ပါတယ်။
“အိမ်မှာက ကျမ အမေရယ်၊ ကျမရယ်၊ ၈ နှစ်အရွယ် ကျမသားရယ်ပဲ ရှိတယ်။ ၈ နာရီအတိမှာ ကျမနဲ့ ကျမသားက အိမ်ထဲမှာပဲ ထမင်းစားတဲ့ ဇလုံနဲ့တီးနေတာ။ ၅ မိနစ်လောက်ကြာတော့ ရဲ သုံး ယောက် အိမ်ထဲအထိ ဝင်လာပြီး ဒါမလုပ်နဲ့၊ ငါတို့က ရဲ၊ ဖမ်းလို့ရတယ်လို့ ပြောတယ်။ ဒါနဲ့ သားက မတီးတော့ဘူးဆိုပြီး ရပ်လို့တယ်။ ကျမက ဘာဖြစ်လဲ ကိုယ့်အိမ်ထဲမှာ ကိုယ်တီးတာကြောင့် ဆက်တီး ဆိုပြီး တီးခိုင်းတယ်” လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးက ပြောပါတယ်။
သူတို့ ၁၅ မိနစ်ပြည့်အောင်တီးနေတုန်း အိမ်ရှေ့ကို ရဲကား ၂ စီး ရောက်လာပြီး သူတို့နဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေလည်း ပါလာတယ်လို့ ပြောပါတယ်။
ပြီးတော့ မြို့နယ်ရဲမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတချို့ အိမ်ထဲကို ဝင်လာပြီး မြို့နယ်ရဲမှူးက ကလေးကို အတင်းလက်ဆွဲပြီး အိမ်ပြင်ကို ခေါ်ထုတ်တယ်လို့ ဆိုပါတယ်။
“မြို့နယ်ရဲမှူးက ကလေးကိုလည်း ဖမ်းတယ်လို့ ပြောပြီး လက်ဆွဲခေါ်တယ်။ ကျမအမေကလည်း ဝင်ပြီးတားတယ်။ ကျမကလည်း အိမ်ထဲအထိ ဝင်ခွင့်မရှိဘူး။ ရုံးမှာ ရှင်းမယ် စာပါလား မေးတော့ နင်တို့ကို ဖမ်းဖို့ ဝရမ်းမလိုဘူးလို့ ပြောတယ်။ ကျမက ဖုန်းနဲ့ သူတို့ကို ဗွီဒီယိုရိုက်တော့ သူတို့ဖုန်းကိုလုပြီး ဘာလုပ်လဲတော့မသိဘူး အထဲက ပုံတွေပျက်သွားတယ်။ နောက်မှ ရုံးမှာပဲရှင်းမယ် နင်တို့ အိမ်ထဲဝင်စရာမလိုဘူး အော်ပြောမှ ပြန်ထွက်သွားကြတာ။ ဒါတောင်မှ ထပ်တွေ့ဦးမယ်ဆိုပြီး လက်ညှိုးထိုး ပြောသွားသေးတယ်” လို့ ဆိုပါတယ်။
ကားနှစ်စီးနဲ့ ရဲအင်အား ၁၀ ယောက်လောက် ပါလာတာဖြစ်ပြီး သံပုံးတီးတဲ့ တခြားအိမ်တွေလည်း ရှိပေမယ့် အမျိုးသမီးတွေပဲ ရှိတဲ့အိမ်ကို ရွေးပြီး ဝင်လာတာမျိုးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
သံတွဲမြို့ အမှတ် ၆ ရပ်ကွက်မှာလည်း သံပုံးတီးတဲ့ အိမ်တအိမ်ကို ရဲတွေရောက်လာပြီး အိမ်ထောင်ဦးစီးနာမည်ကို မေးမြန်းပြီး သံပုံးတီးတာ ဘယ်သူတွေလဲဆိုတာ မေးသွားတယ်လို့ သိရပါတယ်။