DVB Logo
Home
မြန်မာသတင်း
၅၀၀၀ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူများ ဖျက်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ကာချုပ်ပြော
DVB
·
February 3, 2021
၅၀၀၀ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူများ ဖျက်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ကာချုပ်ပြော
Donate to DVB

မြန်မာငွေ ၅၀၀၀ ကျပ်တန်နဲ့ ၁၀၀၀၀ တန်ငွေစက္ကူတွေ ဖျက်သိမ်းမယ်ဆိုတဲ့  ကောလာဟလသတင်းတွေ မှန်ကန်မှု မရှိကြောင်း အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်မနက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့  တပ်မတော်က သတင်းထုတ်ပြပါတယ်။ 

မိမိတို့ဟာ အာဏာကို ခေတ္တထိန်းပေးတဲ့သဘော ဖြစ်ကြောင်း၊ ခေတ္တ ထိန်းပေးရာမှာ နိုင်ငံခြားရေး မူဝါဒ၊ အုပ်ချုပ်ရေး မူဝါဒ၊ စီးပွားရေး မူဝါဒလုံးဝပြောင်းလဲ မည်မဟုတ်သလို လက်ရှိသွားနေတဲ့ နိုင်ငံရေး လမ်းစဉ်အပေါ် လုံးဝပြောင်း လဲခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက် သွားမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေးတုန့်ဆိုင်းနေတာကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင်ဆက်သွယ်ရေးစသည့်ကဏ္ဍတွေ အားလုံးကိုအရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ပြင်ပမှာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ ၅၀၀၀ ကျပ်တန်နဲ့ ၁၀၀၀၀ တန်ငွေစက္ကူတွေ ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းမှားများပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါသတင်းတွေ မှန်ကန်မှု မရှိကြောင်းကို နိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီနေ့မနက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမမှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ညီနောင်အသင်းများမှ လုပ်ငန်းရှင်တွေနဲ့လည်း သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ  ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဖော်ထုတ်ကာ ရလဒ်အပေါ်မူတည်ပြီး ရွေးကောက်ပွဲဥပဒေအရ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲထပ်မံကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လုပ်သွားမယ်လို့ လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။၊

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်အရေးပေါ်အခြေအနေပြီးဆုံးပါက ၆ လ တာဝန်ယူပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ပြီး အစိုးရကို အာဏာ ပြန်လည်လွှဲပြောင်းပေးရမယ်လို့ ပါရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

လတ်တလော နိုင်ငံတဝန်း နိုင်ငံတော်အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တစ်နှစ်သတ်မှတ်ကြောင်း စစ်အစိုးရက ကြေညာထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013