
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် မတ် ၃၀ ရက် ဒီနေ့မနက်က နေပြည်တော်၊ ဇေယျသီရိဗိမာန်မှာ အခမ်းအနားနဲ့ တာဝန်လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်း ထုတ်ပါတယ်။
ဒုသမ္မတလောင်းအဖြစ် လွှတ်တော်မှာ အမည်စာရင်း တင်သွင်းခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးချုပ်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ်နေရာတွေကို သူရဲ့လူယုံ ၂ ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကို ရာထူးတာဝန်တွေ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ စစ်ကော်မရှင်အတွင်းရေးမှူး၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်နဲ့ ကာကွယ်ရေးဦးစီချုပ်(ကြည်း) တာဝန်တွေကို တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် အခုလို တာဝန် လွှဲပြောင်းပေးအပ်လိုက်တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
သူ့အနေနဲ့လည်း တပ်မတော်ထဲကို ၁၉၇၄ ခုနှစ်ကတည်းက စဝင်ခဲ့တာ အခုဆိုရင် ၅၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ လွှဲပြောင်းပေးအပ်ခဲ့တဲ့ တာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီး နေဝင်း အပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီတွေ မျှော်မှန်းတည်ဆောက်ခဲ့တဲ့အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော်ကြီး ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်းနဲ့ တပ်မတော်ရဲ့ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာတပ်မတော်တွေနဲ့ ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတရပ် အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ မင်းအောင်လှိုင်က စစ်တပ် ခေါင်းဆောင်အဖြစ် နောက်ဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် တာဝန် လွှဲပြောင်းလက်ခံယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း မင်းအောင်လှိုင် တာဝန်ယူခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေနဲ့လည်း တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်တရပ်အဖြစ် ရည်မှန်းချက်ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လူယုံအဖြစ် ခုန်ပျံကျော်လွှားစနစ်နဲ့ စရဖချုပ်ကနေ တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ ၁၉၈၇ ခုနှစ်က OTS ၇၇ ကျောင်းဆင်းခဲ့ပြီး ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင် ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်ကြီးကနေ ဗိုလ်မှူးအထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
၂၀၁၀ မှာ ဒုဗိုလ်မှူးကြီး၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး၊ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မင်္ဂလာဒုံစစ်ဆေးရုံအုပ်ကြီး၊ ၂၀၁၈ မှာ အနောက်တောင်တိုင်း တိုင်းမှူး၊ ၂၀၂၀ ပြည့်နှစ်မှာ ဒုဗိုလ်ချုပ်ကြီး စရဖချုပ်၊ ၂၀၂၄ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က တပ်ချုပ်နေရာပေးဖို့အတွက် မတ် ၂ ရက်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တာဝန်ယူထားတဲ့ ကာကွယ်ရေဦးစီးချုပ်(ကြည်း) ရာထူးကို ပေးခဲ့တာ ဖြစ်ပါတယ်။
Source: MOI










