တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်း ပြီးနောက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ အပြင်ထွက်ခွင့်မရဘဲ တားဆီးပိတ်ပင် ခံထားရပါတယ်။
စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ကိုယ်စားလှယ်တွေ ၂၄ နာရီအတွင်း ထွက်ခွာပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ စည်ပင်ရိပ်သာမှာရှိနေတဲ့ အန်အယ်လ်ဒီပါတီဝင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးချိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ စည်ပင်ရိပ်သာမှာလားဗျ။ အာဏာသိမ်းတာ စ ပြီးတော့ ဖြစ်တဲ့ည အခြေအနေကိုပြောပြပါခင်ဗျာ။
ဖြေ ။ ။ ကျနော်တို့ ကတော့ ဖုန်းတွေကိုပိတ်ပြီး အိပ်တာပေါ့ဗျာ။ အေးအေးဆေးဆေး ကိုယ့်ဘာကိုယ် ယုံယုံကြည်ကြည်နဲ့ အိပ်တာပေါ့။ မနက်နိုးလာတော့မှ ရုတ်ရုတ်သဲသဲနဲ့။ ဘယ်လိုဖြစ်တယ်။ ဟိုလိုဖြစ်တယ် နဲ့ ပြောကြတာပေါ့ဗျာ ။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ကလည်း ဟိုမှာတော့ လွှတ်တော်ဥက္ကဋ္ဌတို့ ဘာတို့တော့ ဆွဲသွားပြီပေါ့ဗျာ။ အဲဒါနဲ့ ကျနော်လည်း စုံစမ်းတဲ့အချိန်ကျတော့ အကုန်လုံးက ပိတ်ဆို့ထားပြီဆိုတော့ ပြည်သူ့လွှတ်တော်အဖွဲ့လည်း ဘာမှမလုပ်နိုင်တော့ဘူးပေါ့ဗျာ။ဒီလိုနဲ့ပဲ။
မေး ။ ။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဘယ်လိုဖြတ်သန်းခဲ့ကြလဲ။
ဖြေ ။ ။ ဒီနှစ်ရက်ကိုတော့ ကျနော်လည်း ထင်တာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် စစ်အာဏာရှင်က အာဏာသိမ်းပြီဆိုရင်တော့ ကျနော်တို့ တွေ့ကြုံ ခံစားရတဲ့ အတိုင်းပေါ့ဗျာ။ ဒီအတိုင်းတော့ ထားမှာမဟုတ်ဘူး။ အကုန်လုံးခေါ်မှာပဲ။ ကျနော်လည်း ပြင်ဆင်ထားရတာပေါ့။ မနေ့ကအထိ ပြင်ဆင်ထားတာပေါ့။ လိုက်ဖို့ဆိုပြီးတော့မှ အထုပ်ဘာညာ အကုန် ပြင်ထားတာပေါ့ဗျာ။
မေး ။ ။ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် စီအီးစီတို့ တို့ စီစီတို့ ဘယ်သူတွေရှိကြလဲ။ ဘာတွေဆောင်ရွက်ကြလဲ။
ဖြေ ။ ။ စီအီးစီကတော့ အဓိက ခက်ခဲမယ်ဆိုတာတော့ သူတို့လဲသိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ၃၁ ရက် ညမှာပဲ ကျနော်တို့ အစည်းအဝေးလုပ်တယ်။ ကျနော်က အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် အန်အယ်လ်ဒီရဲ့ ဦးဆောင်ပေါ့ဗျာ။ ဦးဆောင်ဆိုတော့ တက်ရတာပေါ့ဗျာ ။ တက်ရတဲ့အခါမှာဘာပဲဖြစ်ဖြစ် ဖြစ်လာတဲ့ အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်မယ်ဆိုပြီးတော့မှ အဲဒိလိုပြောကြတာပေါ့ဗျာ။
မေး ။ ။ ပါတီခေါင်းဆောင်တို့ သမ္မတ ဦး၀င်းမြင့်တို့ဆီကနေ ဘာသတင်းစကားတွေ ကြားရလဲ။
ဖြေ ။ ။ သူတို့ဖာသာနဲ့သူတို့ပါပဲ။ ကျနော်တို့နဲ့ သိပ်အဆက်အစပ်မရှိပါဘူး။
မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ခိုင်းတယ်လို့ ကြားရတယ် ။ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ။ ပြန်ခိုင်းတယ် ။ တပ်နဲ့ ရဲနဲ့ လာပြောတယ်။
မေး ။ ။ စည်ပင်ရိပ်သာကနေ အပြင်မထွက်ခိုင်းတာ ဘာ့ကြောင့်လဲ ။ ဘယ်ဥပဒေပုဒ်မနဲ့ တားလဲ။
ဖြေ ။ ။ ဒါကတော့ သူတို့ အာဏာသိမ်းတော့ သူတို့ပုဒ်မ ပဲ ပေါ့ဗျာ။ ကျနော်တို့ ဘာမှလုပ်လို့မရဘူး။
မေး ။ ။ ပြန်ခိုင်းတယ်ဆိုတော့ ဘယ်လိုပြန်ဖို့စီစဉ်နေပါလဲ။
ဖြေ ။ ။ ကျနော်တို့လည်း ပြန်ခိုင်းတယ်ဆိုတော့ ပါတီရဲ့ သဘောတူညီချက်ယူပြီးမှ ပြန်ရမှာပေါ့ဗျာ။
မေး ။ ။ ဖေဖော်ဝါရီ ၆ ရက်နေ့မှ စီအီးစီက ပြန်ရမယ်လို့ ညွှန်ကြားထားတာ ဟုတ်ပါသလား။
ဖြေ ။ ။ ဟုတ်ပါတယ်ခင်ဗျာ။အဲ့လိုတော့ ညွှန်ကြားထားတယ်။
မေး ။ ။ ထိမ်းသိမ်းခံရတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာများပြောဖို့ရှိလဲ။
ဖြေ ။ ။ ဒါကတော့ ဘာပဲဖြစ်ဖြစ် ပြည်သူကို မျက်နှာမူရမှာပဲလို့ ပြောချင်ပါတယ်။