DVB Logo
Home
နိုင်ငံတကာ
ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် လူငယ်ကို ထောင်ဒဏ်တသက် ချမှတ်
DVB
·
July 29, 2026
Photo: Mike Stewart/Pool via REUTERS
Photo: Mike Stewart/Pool via REUTERS
Donate to DVB

၂၀၂၄ ခုနှစ်က ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စွပ်စွဲခံထားရသူ ဂျော်ဂျီယာပြည်နယ်မှ အသက် ၁၆ နှစ်အရွယ် လူငယ် ကို့လ်ထ် ဂရေး ကို တရားသူကြီးက ဇူလိုင် ၂၈ ရက်မှာ ထောင်ဒဏ်တသက် လွတ်ရက်မရှိ ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ပါတယ်။

ကို့လ်ထ် ဂရေး ဟာ လူသတ်မှု၊ အဓိကတိုက်ခိုက်မှု အပါအဝင် ပြစ်မှုပေါင်း ၅၅ မှုကို ဇူလိုင် ၂၄ ရက် ကတည်းက အပြစ်ရှိကြောင်း ဝန်ခံထားတာပါ။ ဘာရိုးခရိုင်တရားရုံးမှာ တရားသူကြီးက ပြစ်ဒဏ်စိစစ် အမိန့်ချမှတ်ချိန်မှာ ဂရေးဟာ ဘာခံစားချက်မှမပြဘဲ တည်ငြိမ်စွာ ရှိနေခဲ့ပါတယ်။ တရားသူကြီးအနေနဲ့ လွတ်ရက် ရှိ ဒါမှမဟုတ် လွတ်ရက်မရှိ တသက်တကျွန်း ဆိုတဲ့ ပြစ်ဒဏ် နှစ်မျိုးထဲက ရွေးချယ်အမိန့်ချခဲ့တာပါ။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ ဖြစ်စဉ်ဖြစ်ပွားချိန်တုန်းက အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားသာ ရှိသေးတဲ့ ဂရေးဟာ ဝင်ဒါမြို့ရှိ အပါလာချီ အထက်တန်းကျောင်းထဲကို အဖေဖြစ်သူက ခရစ္စမတ်လက်ဆောင် ပေးထားတဲ့ တိုက်ခိုက်ရေးသုံး ရိုင်ဖယ်သေနတ်ကို ပိုစတာစာရွက်လိပ်ထဲ ထည့်ပြီး ခိုးသွင်းလာခဲ့တာဖြစ်ပြီး ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကို့လ်ထ် ဂရေး ဟာ အသက် ၁၄ နှစ်အရွယ် ကျောင်းသား ၂ ယောက်နဲ့ ဆရာ/ဆရာမ ၂ ယောက် သေဆုံးခဲ့ရတဲ့ အဲဒီပစ်ခတ်မှုအတွက် အရွယ်ရောက်ပြီးသူ တယောက်အနေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

အဖေဖြစ်သူ ကောလင်း ဂရေး ဟာလည်း သားဖြစ်သူရဲ့ အခန်းထဲမှာ ကျောင်းတွင်းသေနတ်ပစ်ခတ်သူတွေကို အားကျအတုယူတဲ့ ပစ္စည်းတွေ ရှိနေတာ အပါအဝင် သတိပေးချက်တွေ အထင်းသား ရှိနေပါလျက်နဲ့ သေနတ်ဝယ်ပေးခဲ့တာကြောင့် ဒုတိယအဆင့် လူသတ်မှုအပါအဝင် စွပ်စွဲချက် ၂၇ မှုနဲ့ မတ်လကတည်းက ပြစ်ဒဏ်ကျခံထားရပါတယ်။ 

ဒါဟာ အမေရိကန်မှာ ကလေးဖြစ်သူရဲ့ လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွက် မိဘကို တရားစွဲဆို အပြစ်ပေးတဲ့ ရှားရှားပါးပါး ဖြစ်စဉ်တခုဖြစ်ပြီး အဖေဖြစ်သူကို ကြာသပတေးနေ့မှာ ပြစ်ဒဏ်အတိုင်းအတာ ကြေညာဖွယ် ရှိပါတယ်။

ရုံးချိန်းတွေမှာ ဂရေး ဟာ သူအားကျရတဲ့ ကျောင်းတွင်းသေနတ်ပစ်ခတ်သူတွေလိုမျိုး နာမည်ကျော်ကြားချင်တဲ့ စိတ်ဆန္ဒ ပြင်းပြနေဆဲဖြစ်ကြောင်း အစိုးရရှေ့နေတွေက ထုချေလျှောက်လဲခဲ့ပြီး၊ ဖြစ်စဉ်ဖြစ်ပြီး သီတင်းပတ်ပိုင်းအကြာ ထောင်ထဲကနေ မိခင်ဖြစ်သူဆီ ဖုန်းဆက်ကာ အင်တာနက်ပေါ်မှာ သူ့အကြောင်း လူတွေ ဘာပြောနေကြသလဲဆိုတာ မေးမြန်းထားတဲ့ အသံဖိုင်တွေကိုလည်း တရားရုံးမှာ ဖွင့်ပြခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013