DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းအကယ်ဒမီ ရွှေဈေး ကျပ်သိန်း ၁၀၀ အထိ ပြန်ရောက်
DVB
·
August 6, 2026
Photo: DVB
Photo: DVB
Donate to DVB

ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာမှုရဲ့ သက်ရောက်မှုကြောင့် ပြည်တွင်း အကယ်ဒမီ မီးလင်းရွှေဈေးဟာ ဩဂုတ် ၆ ရက်မှာ တကျပ်သားကို ကျပ်သိန်း ၁၀၀ အထိ ပြန်လည်မြင့်တက်လာပါတယ်။

ဩဂုတ် ၅ ရက် မနေ့က တကျပ်သားကို ကျပ် ၉၇ သိန်းဝန်းကျင် ရှိခဲ့ရာကနေ ဒီနေ့မှာ ကျပ် ၃ သိန်းလောက် မြင့်တက်လာပြီး ကျပ်သိန်း ၁၀၀ အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ဇွန်လ တတိယပတ်ကစပြီး ကျပ်သိန်း ၁၀၀ အောက်ကို ကျဆင်းနေခဲ့ရာကနေ ၂ လနီးပါးအကြာမှာ အခုလို ကျပ်သိန်း ၁၀၀ အဆင့်ကို ပြန်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ဒီနေ့မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၃၀၀ နားအထိ မြင့်တက်ခဲ့ပြီး နေ့လယ်ပိုင်းအချိန်မှာတော့ ၄,၂၆၆ ဒေါ်လာကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒီတပတ်အတွင်းမှာပဲ ကမ္ဘာ့ရွှေဈေးဟာ ၆ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ဈေးကွက်လေ့လာသူတွေကတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာဟာ အမေရိကန်ရဲ့ ဇူလိုင်လ အလုပ်အကိုင်တိုးတက်မှုက မျှော်မှန်းထားတာထက် သိသိသာသာ အားနည်းခဲ့တာကြောင့် အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ထပ်မံတိုးမြှင့်ဖို့ မသေချာတော့ဘူးလို့ ဈေးကွက်က မျှော်လင့်လာတဲ့အပြင်၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်မဲ့ သဘောတူညီချက်ကြောင့် ရေနံဈေး ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုတွေ လျော့ကျလာတာတွေကလည်း ရွှေဈေးကို မြင့်တက်စေခဲ့တာလို့ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ ဒီနေ့ ကျပ်သိန်း ၁၀၀ အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းအကယ်ဒမီရွှေဈေးဟာ နောက်ပိုင်းမှာ ကျပ် ၂ သိန်းလောက် ပြန်လည်ကျဆင်းလာပြီး တကျပ်သားကို ကျပ် ၉၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက်အတွင်းက သိရပါတယ်။

ဈေးကွက်စောင့်ကြည့်သူတွေကတော့ ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေး အတက်အကျအပြင် ပြည်တွင်း ဒေါ်လာလဲလှယ်နှုန်းနဲ့ ဝယ်လိုအား အပြောင်းအလဲတွေရဲ့ သက်ရောက်မှုကြောင့် အတက်အကျ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013