
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာမှာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက အလုပ်က ပြန်လာတဲ့ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးနဲ့ဖုန်းလုသွားတဲ့ တရားခံကို ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီက သမိုင်းမုဒိတာအိမ်ရာမှာ အမျိုးသားတယောက်က အလုပ်က ပြန်လာတဲ့ အမျိုးသမီးရဲ့ မျက်နှာကို ဓားနဲ့ထိုးကာ ဖုန်းနဲ့ဆွဲကြိုး လုယက်ပြီး ထွက်ပြေးရာ ရပ်ကွက်က ဝိုင်းဖမ်းခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“ရွှေဆိုင်ဝန်ထမ်းကောင်မလေးကို မျက်နှာကို ဓားနဲ့ထိုးပြီး ဆွဲကြိုးနဲ့ဖုန်း လုပြေးတာ လမ်းမှာ လိုက်ဖမ်းတဲ့သူတွေကိုလည်း ဓားနဲ့ ယမ်းတာ ၂ ယောက်၊ ၃ ယောက်လောက် ထိသွားတယ်၊ အကုန်လုံးဝိုင်းဖမ်းလို့ မိတာ။”
ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကို ရပ်ကွက်နေသူတွေက မရန်းကုန်း ရဲစခန်းမှာ အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
မရမ်းကုန်းမြို့နယ်မှာ အရင်က လူသူပြတ်လပ်တဲ့ နေရာမျိုးတွေမှာသာ လုယက်မှုဖြစ်လေ့ရှိပေမဲ့ အခုနောက်ပိုင်း လူစည်ကားတဲ့ နေရာတွေမှာပါ ပြစ်မှုကျူးလွန်လာကြတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။
“ဒီလထဲ မရမ်းကုန်းမှာ လုယက်မှုဖြစ်ရင် လူစည်းကားတဲ့ နေရာတွေချည်းပဲ၊ လုတဲ့သူကလည်း နေရာတိုင်းမှာ ပုံစံအမျိုးမျိုးရှိတာ ကိုယ့်မြို့နယ်ထဲက မဟုတ်ဘဲ တခြားနေရာကနေ လာလုပ်ကြတာ။”
မနေ့ မနက် ၁၀ နာရီကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက် အထက်ပုဇွန်တောင်လမ်းမှာ နဝလီရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုပြီး ငွေလုခဲ့တဲ့ အမျိုးသားတယောက်ကို ရပ်ကွက်နေသူတွေက ဖမ်းမိခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်ပိုင်ရှင်အမျိုးသမီးကို အမျိုးသား ၄ ယောက်က ဓားနဲ့ထိုးပြီး ဖုန်းနဲ့ငွေ ကျပ် ၁၀ သိန်း လုယက်ခဲ့ပါတယ်။
အလားတူပင် သြဂုတ် ၂၆ ရက် ည ၇ နာရီကလည်း ဘုရင့်နောင်ပွဲရုံဝင်း စိန်ပန်းလမ်းမှာ အငှားယာဥ်မောင်းတယောက်ကို အမျိုသား ၃ ယောက်က ဓားနဲ့ခုတ်ပြီး ဖုန်းနဲ့ ငွေ ၁ သိန်း လုသွားခဲ့ပါတယ်။











