DVB Logo
Home
မြန်မာသတင်း
သားဖြစ်သူ စစ်ဆေးခံရစဉ် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဖြေရှင်းပေးရန် မိခင်တောင်းဆို
DVB
·
January 31, 2021
သားဖြစ်သူ စစ်ဆေးခံရစဉ် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဖြေရှင်းပေးရန် မိခင်တောင်းဆို
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာက လူသတ်မှုသံသယနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ကိုဝင်းထွန်း သေဆုံးမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့နဲ့ ကျူးလွန်သူတွေ ပြစ်ဒဏ်ချမှတ်ပေးဖို့ မိခင်ဖြစ်သူ ဒေါ်စန္ဒာက တောင်းဆိုပါတယ်။

“အဲ့ဒီနေ့ နေ့ ၁၂ နာရီကျော်လောက်က ကျမသားက အိမ်ပေါ်မှာအိပ်နေတုန်း ရဲတွေနဲ့ အုပ်ချုပ်ရေးရုံးက လူကြီးတွေ ရောက်လာပြီး ကျမသားကို စစ်ဆေးစရာရှိတယ်ဆိုပြီး လာခေါ်ကြတယ်။ ရဲက ဆဲဆိုပြီးခေါ်သွားတယ်။ ညနေ ကျမ ရဲစခန်းလိုက်သွားတော့ ကျမသားသေဆုံးသွားပြီလို့ သိရတယ်။ သားကို သူတို့အိမ်က ခေါ်သွားတုန်းက အကောင်းကြီး။ အခုသေတော့မှ သားခေါင်းဒဏ်ရာတွေနဲ့ဆိုတော့ ရဲက ကျမသားကို ရိုက်လို့သေတယ်ဆိုတာ ပေါ်လွင်နေတယ်။ ကျမအနေနဲ့လုံးဝမကျေနပ်နိုင်ဘူး။ သူတို့ကိုလည်း ထိုက်သင့်တဲ့အပြစ် ချမှတ်ပေးစေချင်ပါတယ်။” 

ဖြစ်စဉ်မှာ မုဒုံမြို့နယ်၊ ကမာဝက်ရဲစခန်းအပိုင် နှီးပဒေါကျေးရွာ အပြင်ဘက်ဇရပ်မှာ ဓားဒဏ်ရာနဲ့သေဆုံးနေတဲ့ လူသတ်မှုတစ်ခု ဇန်နဝါရီ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့ပြီး သံသယရှိသူ အသက် ၃၂ နှစ်အရွယ် နှီးပဒေါရွာသား ကိုဝင်းထွန်းကို ကမာဝက်နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့စဉ် အခုလိုသေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ ကိုဝင်းထွန်းရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ မှုခင်းဘက်ဆိုင်ရာဆရာဝန်ကြီး ဒေါက်တာသန့်ကျော်က “ကျနော်တို့အနေနဲ့ လောလောဆယ်သတင်း မီဒီယာတွေကို ထုတ်ဖော်ပြောလို့ မရသေးပါဘူး။ မိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကိုတော့ ပြောထားပြီးပါပြီ။ ဆေးစာတော့ မထွက်သေးပါဘူး။ ရှေ့တစ်ပတ်လောက်တော့ တရားဝင်ဆေးစာထွက်ရင် သိရပါမယ်” လို့ DVB ကို ပြောပါတယ်။

မုဒုံမြို့နယ်၊ ကမာဝက်နယ်မြေရဲစခန်းမှာ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ကိုဝင်းထွန်းမှာ မျက်ခုံးပြတ်ရှဒဏ်ရာမှလွဲပြီး ကျန်ဒဏ်ရာတွေမှာ ရဲတပ်ဖွဲ့ကစ စ်ဆေးခဲ့စဉ် ရရှိထားတဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံရွာသားတွေက စွပ်စွဲပြောဆိုကြပါတယ်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး(ဦးစီး) ထွန်းထွန်းက “ဒါကလည်း မှုခင်းဆရာဝန်ရဲ့ စစ်ဆေးပြန်ကြားတဲ့ ဆေးစာရမှ အတည်ဖြစ်မှာပါ။ လက်ရှိအချိန်ထိတော့ ဆေးစာမရောက်ရှိသေးပါဘူး။ ကျနော်တို့ စုံခုံအဖွဲ့စစ်ဆေးခဲ့တာက ဇန်နဝါရီ ၂၉ ရက်နေ့ကပါ။ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အမှန်တကယ် ကျူးလွန်ခဲ့တာ ပေါ်ပေါက်ရင်တော့ လူသတ်မှုနဲ့ဖွင့်ပြီး ဥပဒေအတိုင်း အပြစ်ပေးအရေးယူခံရမှာပါ” လို့ DVBကို အတည်ပြုပြောဆိုပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့မှာ ၂၀၁၆ ခုနှစ် မတ်လတုန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ နဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတစ်ဦးကို သထုံခရိုင်မှုခင်းအကူဌာနမှ အမှုစစ်ဆေးနေစဉ် သေဆုံးခဲ့ဖူးသလို ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာလည်း ၂၀၁၈ ခုနှစ်၊ မေလအတွင်းက ဒေသခံတစ်ဦးကို ရိုက်နှက်ခဲ့မှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013