
ရန်ကုန်၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ ပစ္စည်းဝင်ခိုးရင်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင် ၂၃ ရက်မှာ မသေမချင်း ကြိုးပေးသတ်ရန်နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၃ ရက် မနက်ပိုင်းက မရမ်းကုန်းခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို ပုဒ်မ ၃၀၂ (၁) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်နဲ့ ပုဒ်မ ၄၅၇၊ ၃၈၀/၇၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"ဇူလိုင်လ ၂ ရက်က အမှုတွဲကို တရားရုံးတင်တယ်။ ၂၃ ရက်မှာ အမိန့်ချတယ်။ ရက် ၁၀၀ စီမံချက်ဆိုတော့ မြန်တယ်။ ပုဒ်မ ၃၀၂ (၁) အရ မသေမချင်း ကြိုးပေးသတ်ဖို့နဲ့ ပုဒ်မ ၃၈၀/၇၅ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၄၅၇ အရ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် အမိန့်ချလိုက်တယ်။”
ကြိုးမိန့်ချမှတ်ခံရသူ အောင်ကျော်စိုးဟာ ဇွန် ၁၉ ရက်က လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်ရှိ နေအိမ် ၂ အိမ်ကို ဝင်ရောက်ခိုးယူခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ကလေးမလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အောင်ကျော်စိုးကို ဇွန် ၂၀ ရက်က တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့မရဲစခန်းက (ပ) ၁၅၁/၂၀၂၆၊ ပုဒ်မ ၃၀၂၊ ၃၇၆ တို့နဲ့ အမှုဖွင့်ခဲ့ကာ ဇူလိုင် ၂ ရက်မှာ ပုဒ်မ ၃၀၂၊ ၄၅၇၊ ၃၈၀/၇၅ တို့နဲ့ မရမ်းကုန်းခရိုင်တရားရုံးက စစ်ဆေးခဲ့တာပါ။
ဇူလိုင် ၂၀ ရက်ကလည်း ပျဉ်းမနားခရိုင်တရားရုံးက ဇမ္ဗူသီရိမြို့နယ်မှာ လူငယ်တယောက်ကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသွားသူ ၂ ယောက်ကို မသေမချင်း ကြိုးပေးသတ်ရန်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါသေးတယ်။
အလားတူပဲ ဇူလိုင် ၁၆ ရက်ကလည်း ပြင်ဦးလွင်ခရိုင်တရားရုံးက အောင်စံပယ်ရွှေဆိုင် လုယက်မှုမှ ပြစ်မှုကျူးလွန်သူ ၅ ယောက်ကို မသေမချင်း ကြိုးပေးသတ်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။











