DVB Logo
Home
Lead Story
ခေါင်းဆောင်ကောင်းဆိုတာ (အယ်ဒီတာအာဘော်)
DVB
·
January 29, 2021
ခေါင်းဆောင်ကောင်းဆိုတာ (အယ်ဒီတာအာဘော်)
Donate to DVB

ခေါင်းဆောင်’ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်က “အကြီးအမှူးပြုသည်။ ဦးဆောင်သည်” ဟု ဖွင့်သည်။  ‘ဦးဆောင်’ခြင်းဆိုသည်ကို ‘ရှေ့ဆောင်ရှေ့ရွက်ပြုသည်’ ဟုဆိုသည်။ ခေါင်းဆောင်ကို အင်္ဂလိပ်လို leader ဟူ၍ ခေါ်သည်။ သို့ဆိုရာတွင် အချို့က leader နှင့် Boss ကို အတူတူဟုထင်ကြသည်။ အမှန်မှာ ၎င်းနှစ်ခုတို့မတူညီကြ ပေ။ Boss ကို ‘အထက်လူကြီး’ဟူ၍လည်း အဓိပ္ပါယ်ရသည်။

Boss သည် ဌာနတခု၊ လုပ်ငန်းတခု၊ ကုမ္ပဏီတခုခု အသင်းအဖွဲ့အတခုခုတွင် အကြောင်းအမျိုးမျိုး ပုံစံတခုခုဖြင့် အထက်လူကြီးအဖြစ်ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ သူ့တွင် leadership ဟုခေါ်သော ‘ခေါင်းဆောင်မှု အရည် အသွေး ’ ရှိချင်မှရှိမည်ဖြစ်သည်။ ဆိုကြပါစို့ အစိုးရအဖွဲ့အစည်းများတွင် သမ္မတမှအပ ပညာရေး၊ လူမှုရေး၊ ကာကွယ်ရေး၊ လုံခြုံရေးစသဖြင့် ဌာနတခု၏ အထက်လူကြီးများကို ယင်းသို့အသုံးပြုနိုင်သည်။

အထက်လူကြီးဖြစ်ရုံနှင့် ခေါင်းဆောင်မဖြစ်နိုင်ပေ။ ဝါရင့်လုပ်သက်များပြီး အတွေ့အကြုံရှိတိုင်းလည်း ခေါင်းဆောင်မဖြစ်နိုင်။ တော်၊သိတတ်နေရုံဖြင့်လည်း ခေါင်းဆောင်မဖြစ်နိုင်။ လုပ်ပိုင်ခွင့်အာဏာရှိတိုင်းလည်း ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကို မပိုင်ဆိုင်နိုင်။ နိုင်ငံတနိုင်ငံအနေဖြင့်ကြည့်လျှင် ခေါင်းဆောင်သည် တဦးတည်းရှိရပေသည်။ ဥပဒေအရလည်း တဦးတည်းသာခေါင်းဆောင် အထွတ်အထိပ်အဖြစ်အသိမှတ်ပြုထားပေရာ အစိုးရအဖွဲ့တွင်ပါဝင်သည့် ဌာနအားလုံးရှိ အကြီးအကဲများမှာ အထက်လူကြီးများပင်ဖြစ်ကြသည်ဟု မှတ်ယူရာသည်။

ခေါင်းဆောင်မှုဆိုသည်မှာ အခွင့်အလန်းမဟုတ်။ အရည်အသွေးကိုခေါ်ခြင်းဖြစ်သည်။ ခေါင်းဆောင်တယောက်ဖြစ်သည်နှင့်  ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေး၊ ရိုးသားဖြောင့်မတ်သော စိတ်နှလုံးသွင်းမှု၊ တာဝန်ယူလိုစိတ်၊ တာဝန်ခံစိတ်ရှိမှု၊ အခြေနေတခုတွင် ဖောက်ထွက်စဉ်းစားတတ်မှု၊ ကာလဒေသအတွင်း အဆင်ပြေ အချိန်မီအောင် စီမံခန့်ခွဲတတ်မှု၊ ဓမ္မဓိဋ္ဌာန် ရှုမြင်တတ်မှု၊ ပြတ်သားသောအဆုံးအဖြတ်ပေးနိုင်မှု၊ ပြဿနာတရပ်ကို ဖြေရှင်းပေးနိုင်စွမ်းရှိမှုတို့  ဖြစ်သည်။

အမြင်ကျဉ်းကျဉ်းဖြင့် အာဏာလုယူရန်တခုသာသိပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် စာနာစိတ်(empathy‌)မထား နိုင်သူသည် ခေါင်းဆောင်အင်္ဂါနှင့်မညီသော စရိုက်ရှိသူသာဖြစ်သည်။ ထိုလူမျိုးခေါင်းဆောင်မဖြစ်ထိုက်။ အဖွဲ့အစည်းတခု၏ အကြီးအကဲဖြစ်ခဲ့လျှင်လည်း ‘ရှေ့ဆောင်နွားလား ကွေ့ကောက်သွားသော် နောက်လိုက်အားလုံး အမိုက်တုံးတည့်’ ဆိုသကဲ့သို့ အဖွဲ့အစည်တခုလုံး နာမည်ဆိုးဖြင့် သမိုင်းအမဲစက်တင် ကျန်ရစ်တတ်ပေသည်။

ယင်းအချက်ကို သိမြင်သူတို့အနေဖြင့် မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကယ်တင်ရန် ထိုလူမျိုးကို အဖွဲ့အစည်း၏ အကြီးအကဲဖြစ်မှ ဖယ်ကျင်၍ စစ်မှန်သောအကြီးအကဲကို ရွေးချယ်ခန့်ထားနိုင်မှသာ ပြည်သူချစ်သောအဖွဲ့ အစည်းတခုအဖြစ် ရောက်ရှိမည်သာ။ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို စောင့်ရှောက်ရာရောက်ပေလိမ့်မည်။ သို့မှသာ ကောင်းမွန်သောအုပ်ချုပ်မှု (good governance) တခုကို ရနိုင်ပေသည်။

ဤသည်ကို သတိမူ၍ မြန်မာပြည်သူအပေါင်း စစ်မှန်သော ခေါင်းဆောင်မှုအောက်၌ ငြိမ်းချမ်းပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေကြောင်း တောင်းဆုပြုလိုက်ရပေသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013