DVB Logo
Home
Lead Story
ကိုဗစ်အရေးတွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ ညီတူကြပါစို့-အယ်ဒီတာအာဘော်
DVB
·
March 31, 2020
Donate to DVB

ယခုအချိန်အခါတွင် ကိုဗစ် ၁၉ ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတခုလုံးကို အကြီးအကျယ်ခြိမ်းခြောက်လျှက်ရှိသည်။ ကမ္ဘာတဝန်းလုံးတွင် မတ်လ ၃၁ ရက်အထိ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူ ၇၀၀,၀၀၀ ကျော် ရှိပြီး ၃၅,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၄ ဦးရှိလာပြီး မတ်လ ၃၁ ရက်တွင် သေဆုံးသူ တဦး ရှိနေပြီဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်က ပြန်လာသူ တဦးတွင် ကိုဗစ် ၁၉ ရောဂါ တွေ့ရှိသည်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်လိုက်သည်။

ယင်းသတိပေးချက်ထုတ်ပြန်ပြီး နောက်တရက်ဖြစ်သည့် မတ်လ ၃၀ ရက်တွင် သမ္မတ ဦးဝင်းမြင့်က  COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ကာကွယ်ရေး နယ်စပ်ရေးရာ၊ ပြည်ထဲရေးဝန်ကြီးတို့အပြင် တပ်မတော်ဘက်မှ  ညှိနှိုင်းကွပ်ကဲရေးမှူးပါ ပါဝင်လာသည်။ ရောဂါပိုးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တပ်မတော် ပါဝင်လာခြင်းဖြစ်သည်။

ယင်းမတိုင်ခင်ကလည်း တပ်မတော်က စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်  ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းသည့် နေရာများတွင် သွားရောက်ကာ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ 

ယခုအသစ်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ၁၀ ဦးပါအရေးပေါ်ကော်မတီအနေဖြင့်  ရောဂါလက္ခဏာပြသူများကို မစောင့်ဆိုင်းဘဲ စုံစမ်းရှာဖွေရမည်ဖြစ်သည်။ အသွားအလာကန့်သတ် Quarantine လုပ်နိုင်ရေးဆောင်ရွက်ရမည်။ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများတွင် ကိုဗစ် ၁၉ ရောဂါကူးစက်သူများ တွေ့ရှိရပါက ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန် ကော်မတီ၌ တာဝန်ရှိသည်။ 

လိုအပ်သည့် ဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ၊ စက်ရုံအလုပ်ရုံများ ဆက်ဖွင့်နိုင်ရန် လုံခြုံရေးပေးရန် လုပ်ဆောင်ရမည်။ ရောဂါ ဖြစ်ပွားမှု မြင့်တတ်လာသည့် ဒေသများတွင်  အတိအကျဆောင်ရွက်နိုင်ရေး ကြက်ခြေနီ၊ အရပ်ဖက်အဖွဲ့အစည်း ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

သေဆုံးသည့်အခါ သင်္ဂြိုဟ်‌ရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရမည်။ အဆိုးဆုံးကို မျှော်မှန်းထားပြီး လိုအပ်သည့်  စားနပ်ရိက္ခာ ဆေးဝါး Facality များ၊ Test kits များ PPEမ ဝတ်စုံများ၊ ယာဉ်ယန္တရားများ၊ Quaratine ထားရန်နေရာများ ရှာဖွေဖြည့်ဆည်းထားရမည်။ စေတနာ့ဝန်ထမ်းများ  လုံလောက်စွာ စီစဉ်ထားရမည်။ ရည်ရွယ်ချက်နှင့် သတင်းမှားဖြန့်ဝေသူများ၊ ဆေးဝါးစားနပ်ရိက္ခာ လူသုံးကုန်ပစ္စည်းများ ရောင်းချရာတွင် အမြတ်ကြီးစားသူများ ကို အရေးယူရမည်။

ဒါ့ပြင်အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distance ထားခြင်း၊ အသိပညာဖြန့် ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများထုတ်ပြန်ခြင်း စသည်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအဆင့်အထိ ကျယ်ပြန့်စွာ သိရှိလိုက်နာနိုင်ရေးတို့ကိုလည်း ကော်မတီက ဆောင်ရွက်ရမည်။

ကိုဗစ်၁၉ကို ရင်ဆိုင်ကျော်ဖြတ်ရန်ဖွဲ့စည်းလိုက်သည့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို စေ့စေ့စပ်စပ် ချထားပေးထားပြီး ကော်မတီအနေဖြင့်လည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။

အထူးသဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှပြန်လာသည့် သောင်းနှင့်ချီသည့် ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံအတွင်း နေရာအနှံ့ ပျံ့နှံ့သွားခြင်းကို ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်နိုင်ခဲ့ခြင်းကို အမြန်ဆုံး ကုစားရန် အင်မတန်အရေးကြီးနေပြီဖြစ်သည်။

ယခုလို ရောဂါကပ်ဘေးကြုံနေရချိန်တွင် အစိုးရ ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံးသည် နိုးကြားသည့်အသိ၊ သတိတို့ ကိုယ်စီရင်ဝယ်ထားပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကို ဘေးဖယ်ထားကာ  ကိုဗစ် ၁၉ ရောဂါကို ညီညီတူတူ ဝိုင်ဝန်းကာကွယ် ထိန်းချုပ်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013