DVB Logo
Home
အယ်ဒီတာအာဘော်
ရွေးကောက်တင်မြှောက်ပွဲနှင့် မြန်မာနိုင်ငံ (အယ်ဒီတာအာဘော်)
DVB
·
January 25, 2021
ရွေးကောက်တင်မြှောက်ပွဲနှင့် မြန်မာနိုင်ငံ (အယ်ဒီတာအာဘော်)
Donate to DVB

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၇၃ နှစ် ကျော်ပြီ။ ဤကာလအတွင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပနိုင်သည့် အကြိမ်အရေအတွက်မှာ ၇ ကြိမ်မျှသာရှိခဲ့သည်။ အလွန်သက်တမ်းနုသေးသည်ဟု ဆိုရမည်။ ကျန်နှစ်များသည် စစ်အုပ်ချုပ်ရေး နှစ်ကာလများသာ ဖြစ်သည်။ ထိုကာလ၌ ရွေးကောက်ပွဲမရှိ။ ရွေးကောက်ပွဲ ‘သုည’ နှစ်ကာလများဟု တင်စားရမည် ထင်ပါသည်။

အဆိုပါရွေးကောက်ပွဲ ၇ ကြိမ်ကို ပြန်လည်စိစစ်ကြည့်လျှင် ဖဆပလကာလ၌ ၁၉၅၂ နှင့် ၁၉၅၆ တို့တွင် နှစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၆၀ နှင့် ၁၉၉၀ တွင် စစ်အာဏာရှင်တို့က ဦးစီး၍ ရွေးကောက်ပွဲ နှစ်ကြိမ်နှင့် ပေါင်းလျှင် ၄ ကြိမ် ကျင့်ပခဲ့သည်။ ၂၀၁၀ တွင် ပဉ္စမအကြိမ်။ ၂၀၁၅တွင် ဆဌမအကြိမ်။ ၂၀၂၀ တွင် သတ္တမအကြိမ် ကျင်းပနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဤ ၇ ကြိမ်သာ ရွေးကောက်ပွဲရှိခဲ့သည်။

  ရွေးကောက်ပွဲ ခုနစ်ကြိမ်ရှိခဲ့သော်လည်း ၁၉၅၆ ခုနှစ် ဒုတိယအကြိမ်ရွေးကောက်ပွဲ၌ ပါလီမန်အုပ်ချုပ်ရေးသည် သက်တမ်းပြည့်မအုပ်ချုပ်ခဲ့ရပေ။ ၁၉၅၈ ခုနှစ်တွင် တပ်မတော်၏  ‘အစမ်းလေ့ကျင့်အာဏာသိမ်းခြင်း’ ကို ခံခဲ့ရသည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ်တွင် တတိယကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပြန်သည်။ ဤတကြိမ်တွင်လည်း ပါလီမန်သက်တမ်း ကုန်အောင်အုပ်ချုပ်ခွင့်မရဘဲ စစ်တပ်၏ ဒုတိယအကြိမ်အာဏာသိမ်းခြင်း ခံခဲ့ရပြန်သည်။

၁၉၈၈ ခုနှစ်တွင် တတိယအကြိမ်အာဏာသိမ်းပြီး ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြန်သည်။ ထိုရွေးကောက်ပွဲသည်လည်း အမည်ခံသက်သက်သာ ဖြစ်ခဲ့သည်။ အနိုင်ရပါတီကို အာဏာမလွှဲနိုင်ဘဲ တပ်မတော်က ဆက်လက်အာဏာထိန်းခဲ့ပြန်သည်။ ၁၉၈၈ ခုမှ ၂၀၁၀ အထိဆိုလျှင် ၂၂ နှစ်ရှိခဲ့သည်။ မဆလကာလ စစ်အုပ်ချုပ်ရေးနှင့် နဝတ၊ နအဖ စစ်အုပ်ချုပ်ရေးနှစ်ခုပေါင်း နှစ် ၅၀ ကြာညောင်းခဲ့ပေသည်။

လွတ်လပ်ရေးရပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးမှာ ဖဆပလနှင့် ၂၀၁၁ နောက်ပိုင်း အုပ်ချုပ်ရေးကို ထည့်ပေါင်းသော်မှ ၂၃ နှစ်ခန့်သာရှိသည်။ ရွေးကောက်ပွဲများတွင် ၂ ကြိမ်က အနိုင်ရပါတီအနေဖြင့် သက်တမ်းကုန်အောင် အုပ်ချုပ်ခွင့်မရခဲ့ပေ။ ကျန်တကြိမ်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် အမည်ခံသက်သက် ဖြစ်ခဲ့ရသည်။ ရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ စစ်အုပ်စုက စတုတ္ထအကြိမ်အာဏာသိမ်းခဲ့သည်။ ‘ရွေးကောက်ပွဲ ကျင်းပပြီး အကြောင်းအမျိုးမျိုးပြ၍ အာဏာမလွှဲခြင်းသည် အာဏာသိမ်းခြင်း မည်၏’ ဟု ဆိုကြသည်။

ထို့နောက် ၂၀၁၀ မှ ၂၀၂၀အတွင်း ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပနိုင်ခဲ့သည်။ နှစ်ကြိမ်လုံး သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။  ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက သံသယကင်းကင်းဖြင့် မိမိတို့အလိုရှိရာ မဲပေးရွေးချယ်နိုင်ခဲ့သော်လည်း ယင်းရလဒ်အပေါ် ရှုံးနိမ့်ခဲ့ရသူအချိုနှင့် ‘နဂို’ အလုပ်ကို မေ့လျော့၍ ‘အပို’အလုပ်ကို လုပ်လိုသူတို့ ပူးပေါင်းကာ  ကန့်လန့်တိုက်ခဲ့ကြသည်။

ဤသည်မှာ မြန်မာ့တို့၏ စရိုက်ဆိုးတခုပေလော၊ သို့တည်းမဟုတ် အာဏာကို မတရားသောနည်းနှင့် ရယူလေ့ရှိသူတို့၏ ‘ဝသီဘော်’ တခုပေလောဟူ၍ စဉ်းစားချင်စရာပင်။ ဤဝသီဘော်ဆိုးကြီးသည် ‘မြန်မာ့ရွေးကောက်ပွဲယဉ်ကျေးမှု’ ဖြစ်စဉ်၌ သမိုင်းအမည်းစက်များပင် ဖြစ်ခဲ့ရပေသည်။ ဤသို့သော ဝသီဘော်ဆိုးကြီး ထပ်မံမပေါ်ပေါက်စေရန် အစဉ်သတိပြုရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပေတော့သည်။  မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ ရွေးချယ်တင်မြှောက်ပွဲ၏ အကျိုးရလဒ်အဖြစ် မကြာမီအတွင်း လွှတ်တော်ခေါ်ယူ ကျင်းပပြီးသည်နှင့် ကောင်းမွန်သော အစိုးရသစ်တခု အမြန်ဆုံး ပေါ်ထွက်နိုင်ပါစေရန် ဆန္ဒပြုလိုက်ရပါကြောင်း။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013