DVB Logo
Home
Lead Story
ဝိုင်းဝန်းကာကွယ်ရမည့် COVID-19  ကမ္ဘာ့ကပ်ရောဂါ (အယ်ဒီတာအာဘော်)
DVB
·
March 13, 2020
ဝိုင်းဝန်းကာကွယ်ရမည့် COVID-19  ကမ္ဘာ့ကပ်ရောဂါ (အယ်ဒီတာအာဘော်)
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်  COVID-19 ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကြေညာထားသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်၌ လူပေါင်း ၁၃၀,၀၀၀ ကျော်ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၅,၀၀၀ နီးပါးရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံ၌မူ  မတ်လ ၁၃ ရက်မွန်းလွဲ ၂ နာရီအထိ COVID-19 ရောဂါဓါတ်ခွဲခန်း အတည်ပြုလူနာလုံးဝမတွေ့ရှိရသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။  သို့သော် စောင့်ကြည့်လူနာ ၁၄ ဦးထိတိုးလာသည်ဟုလည်းဆိုသည်။ မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၁၂ ရက်အထိ စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း  ၁၀၀ ကျော်လောက်ရှိသည်ဟုလည်း ဆိုသည်။

မကြာသေးမီကမူ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ကိုရိုနာရောဂါ ကြောင့် သေဆုံးမှုမြင့်မားနေပြီး ရောဂါအကြောင်း သေသေချာချာမသိရသေးတာကြောင့် လမ်းပြမြေပုံမရှိတဲ့နေရာကို ခရီးသွားနေရတာနှင့်တူနေတယ်”ဟုပြောခဲ့သေးသည်။ မနေ့ကမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် “ COVID -19 ရောဂါကာကွယ်ထိန်း ချုပ်ရေးအရေးပေါ်အစည်းဝေးပွဲ”တရပ်ကို နေပြည်တော်တွင်ကျင်းပခဲ့သည်။

အစည်းအဝေးအပြီး နောက်တနေ့ မတ်လ ၁၃ ရက်တွင် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောင်လုပ်ခြင်းအပါအဝင် လူစုလူဝေးဖြင့်ကျင်းပရသည့် အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီလ ၃၀ ရက်အထိ နိုင်ငံတဝန်း ကျင်းပခြင်းမပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ထားသည်။

Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းလိုက်သည်ဟု သမ္မတရုံးက ကြေညာလိုက်သည်။

ထိုအစည်းအဝေးပွဲတွင် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးအနက်မှာကြားတာကတော့ ပြည်သူကို အမိန့်ထုတ်ဖို့မဟုတ်ပါဘူး။ အသိပညာပေးပန်ကြားဖို့ပါ။ အထိတ်တလန့်မဖြစ်အောင် သတိရှိရှိနဲ့နေထိုင်ဖို့ပန်ကြားဖို့ပါ”ဟု ပြန်ကြားရေးဒုဝန်ကြီးဦးအောင်လှထွန်း၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများတွင် ဖော်ပြသည်။

သို့သော် သတင်းထုတ်ပြန်ချက်မတိုင်မီ မသမာသူတို့က လူမှုကွန်ရက်တွင် ကောလဟလသတင်းများထုတ်ပြန်၍ ပြည်သူလူထုအတွင်းသို့ အထိတ်တလန့်ဖြစ်စေခဲ့သည်။ ကောလဟလကြောင့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများတွင် ကြိတ်ကြိတ်တိုး ဈေးဝယ်သူများစွာဖြင့် လူစုလူဝေးတခုဖြစ်ခဲ့သည်။ မိမိကိုယ်တိုင် လူစုလူဝေးဖြစ်သွားခဲ့သည်ကိုတော့ ဈေးဝယ်သွားသူတို့ သတိမူ ကြောက်ရွံ့ဟန်မရှိသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ‘ရောဂါပိုးမတွေရှိသေး’ဟုဆိုသော်လည်း ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ထိန်းချုပ်နိုင်ခြင်းရှိရန်လို အပ်ပေသည်။ တဦးချင်းဖြစ်စေ မိသားစုများအနေဖြင့်ဖြစ်စေ တနိုင်တပိုင်ကြိုတင်ကာကွယ်ပြင်ထားကြရပေမည်။ တဦးချင်းအနေဖြင့် လက်ကိုစင်ကြယ်စွာ ဆေးခြင်း။ ချောင်ဆိုး   နှာချေလျှင်အဝတ်အုပ်ခြင်း။ လူစုလူဝေးများသို့အသွားအလာဆင်ခြင်ခြင်း။ အစရှိသည့်တို့ဖြင့်ကြိုတင်ကာကွယ်သင့်သည်။

ထို့အပြင်နိုင်ငံတော်အနေဖြင့်လည်း အရေးပေါ်ရံပုံငွေများသုံးစွဲကာ နို်ငငံတဝန်း ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့်  လူထုကျန်းမာရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ခြင်း၊ စနစ်တကျပညာပေးခြင်း၊ ပြည်တွင်းပြည်ပ အဝင်အထွက်ဂိတ်များအား ပိုမို တင်းကြပ်စွာထိန်းချုပ်စောင့်ကြည့်ခြင်း၊ ဗီဇာပိတ်ပင်ခြင်းတို့ကို ပြတ်ပြတ်သားသား လုပ်ဆောင်ရန် လိုအပ်လှပေသည်။

အလားတူ အစိုးရမဟုတ်သောအဖွဲ့အစည်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ ၊ပရဟိတအဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့်လည်း တနိုင်ငံလုံးအရေး ဖြစ်သည့်အပြင် တကမ္ဘာလုံးနှင့်သက်ဆိုင်နေသဖြင့် COVID-19 ကာကွယ်တားဆီး ပညာပေးရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပေသည်။

အထူးသဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုမလိုလာသည့် မသမာသူအချို့၏ ကောလာဟလသတင်းမှာရေးသားခြင်းများအားကို  အစိုးရအနေဖြင့် အမြန်ဆုံး ထိထိရောက်ရောက် ဖော်ထုတ်ကာကွယ်ခြင်း၊ အရေးယူလုပ်ဆောင်ခြင်များပြုအပ်သည်။

မြန်မာနိုင်ငံသူနိုင်ငံသားတို့အနေဖြင့် ရောဂါပိုးမတွေ့သေးဟူသောစိတ်ဖြင့် စိတ်ချလက်ချမနေသင့်။ ပြည်ထောင်စုအစိုးရကသာမက ပြည်နယ်တိုင်းဒေသကြီး အစိုးရအသီးသီးတို့ကပါ အရေးပေါ်ကျန်းမာရေးရံငွေများသတ်မှတ်သင့်၊ ရှာဖွေသင့်၊ သုံးစွဲသင့်ပေးသည်။

အစိုးရအနေဖြင့် လက်ရှိထက်ပိုမို ထိရောက်သော လူထုပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ လက်ဆေးသန့်စင်ရည်များ၊ တစ်ရှူးများ လူထုထံဖြန့်ဝေပေးခြင်း၊ အများသုံး YBS ဘတ်စ်ကားများ၊ အဝေးပြေးယာဉ်များ၊ မီးရထားများကို ပိုးသတ်ဆေးဖြန်းခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ရန်နှင့် ပရဟိတ အဖွဲ့များ၊ သမဂ္ဂများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်လာကြရန်လိုအပ်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013