DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ကျပ်ငွေ ၂၆၀၀ ဘီလီယံ ကျော်သုံးစွဲခဲ့ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
January 29, 2021
ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ကျပ်ငွေ ၂၆၀၀ ဘီလီယံ ကျော်သုံးစွဲခဲ့ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေအတွက် မြန်မာကျပ်ငွေ ၂၆၀၀ ဘီလီယံ ကျော်သုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၈ ရက်ညပိုင်းက နိုင်ငံပိုင်ရုပ်သံကနေ ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ထိခိုက်မှုမရှိအောင်လို့ တတ်နိုင်သမျှပံ့ပိုးတဲ့ ငွေပမာဏဟာဆိုရင် အခုဆိုရင် တော်တော်များလာပါပြီ။ အကြမ်းဖျင်းအားဖြင့်ဆိုရင် ချေးငွေထဲကဆိုရင် ဘီလီယံ တစ်ထောင်ကျော် ပေါ့။ ဘီလီယံတစ်ထောင်ကျော် နောက်ပြီးတော့ ရွှေ့ပြောင်းရန်ပုံငွေထဲကဆိုရင် ဘီလီယံ တစ်ထောင်ကျော်၊ နောက်ပြီးတော့ ကျမတို့ သဘာ၀ဘေးအန္တရာယ်အတွက်ကဆိုရင် ဘီလီယံ ငါးဆယ်ကျော် အားလုံးဆိုရင် ဘီလီယံနှစ်ထောင့်ခြောက်ရာကျော် သုံးခဲ့ပြီး ဖြစ်ပါတယ်။ လိုအပ်သလိုလည်း ဆက်ပြီးတော့ သုံးသွားမှာပါ။” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်ကို ကျန်းမာရေး ဝန်ထမ်းတွေကနေစတင်နိုင်တဲ့အတွက်  ဝမ်းသာကြောင်းနဲ့ တစ်နည်းတစ်ဖုံအားဖြင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့သဘောလည်းဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။   

ကိုဗစ်-၁၉ ကာကွယ်ဆေး အထိုးခံလိုက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ သုံးပုံတစ်ပုံလောက်က  နည်းနည်းကိုက်ခဲတာတွေ၊  ချမ်းသလိုလိုဖြစ်တာတွေ၊   အဖျား ရှိသလိုလို ၁၂ နာရီလောက် ကြာတဲ့အခါမှာ ဖြစ်လာတတ်ပေမဲ့ ဆိုးဆိုးရွားရွားကြီး မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့ သီတင်း ၄ ပတ်ပြည့်တဲ့  နောက်လ ၂၄ ရက်နေ့လောက်မှာ ဒုတိယအကြိမ် ထပ်တိုးရမှာဖြစ်ပြီး အဲဒါပြီးမှ အကာအကွယ်ရပြီလို့  သတ်မှတ်နိုင်မှာဖြစ်ကြောင်း ကာကွယ်ဆေးပထမအပိုင်းထိုးပြီးတဲ့ ပြည်သူတွေ အထူးသတိထား စေလိုပြီး ပထမထိုးပြီးတော့ ဒီကြားထဲမှာ ရောဂါကူးမယ်ဆိုရင် အများကြီး နှမြောစရာကောင်းတယ် လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ဒီဆေးတွေရရှိဖို့အတွက်ဆိုတာ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကလည်း အရေးကြီးတယ်။ ဒါပေမယ့်လည်း ရနိုင်ခြေကလည်း ခက်ခဲတယ်ဆိုတော့ ဒါဟာ အဖိုးတန်တဲ့ ထိုးဆေးတွေပဲ ဖြစ်ပါတယ်။ အဖိုးတန်တဲ့ ထိုးဆေးဆိုတော့ တစ်လုံးမှကို ကျွန်မတို့က အဖိတ် အစဉ်  မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒါတော့ သတိထား စေချင်ပါတယ်။” 

ကာကွယ်ဆေးတွေရရှိမှုအပေါ် မူတည်ပြီး ပုံမှန် တဖြည်းဖြည်း၊၊ တစ်လပြီး တစ်လ၊ ဆက်ပြီးတော့ ပြည်သူတွေအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်တဲ့နေရာမှာလည်း  တဖြည်းဖြည်း တိုးတက်လာပြီး ဒါကို ထိန်းထားဖို့နဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်   အောင်မြင်ဖို့ အတွက်  ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။

 Photo- အတိုင်ပင်ခံရုံး 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013