DVB Logo
Home
နိုင်ငံရေး
မဲဆန္ဒရှင်လူထုဆန္ဒကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ ပြောင်းလဲ၍မရဟု ကော်မရှင်ကြေညာ
DVB
·
January 28, 2021
မဲဆန္ဒရှင်လူထုဆန္ဒကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမျှ ပြောင်းလဲ၍မရဟု ကော်မရှင်ကြေညာ
Donate to DVB

မဲစာရင်းချို့ယွင်း အားနည်းချက်ကြောင့် မဲမသမာမှု အခြေအနေဖြစ်နိုင်စရာမရှိတဲ့ အကြောင်းနဲ့ မဲဆန္ဒရှင်လူထုဆန္ဒကို မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကမျှ ဥပဒေ ကျော်လွန်ပြီး  ပြောင်းလဲလို့မရဘူးလို့   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်းအရေအတွက် ၈ သန်းကျော်ရှိတယ်လို့ တပ်မတော်က မနေ့က စွပ်စွဲထုတ်ပြန်လိုက်ပြီးနောက်  ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တုံ့ပြန်လိုက်တာပါ။

ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ “ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း မဲစာရင်းအချက်အလက်များ အားနည်းခဲ့သည်ကိုတွေ့ရှိခဲ့ကြပြီးဖြစ်ပါသည်။ ယခုရွေးကောက်ပွဲတွင်လည်း မဲစာရင်း ချို့ယွင်းချက် အားနည်းချက်ကြောင့် မဲမသမာမှု အခြေအနေ မဖြစ်နိုင်ပါ” လို့  ဖော်ပြထားပါတယ်။ 

မဲစာရင်းမှာ အသက်ကြီးလွန်းသူ၊ ငယ်လွန်းသူ၊ အသက်မပြည့်သူ၊ ကွယ်လွန်သူ၊ မဲစာရင်း ထပ်နေသူတွေ ရှိကောင်းရှိမှာဖြစ်ပေမဲ့ ဒီလူတွေဟာ တနေ့တည်းမှာ မဲအကြိမ်ကြိမ်ပေးဖို့ ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

ရွေးကောက်ပွဲ ဥပဒေမှာ နိုင်ငံသားစိစစ်ရေးကတ်ရှိမှသာ မဲပေးခွင့်ရမယ်လို့ ပြဋ္ဌာန်းမထားဘဲ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်ရင် နိုင်ငံသား တစ်ဦးရဲ့ မဲပေးခွင့် မဆုံးရှုံးစေရေး မဲပေးခွင့်ပြုရမှာ ဖြစ်ကြောင်းလည်း ကော်မရှင်က ရှင်းလင်း ထားပါတယ်။

ဆန္ဒမဲရလဒ်တွေ ရေတွက်ရာမှာလည်း အများပြည်သူရှေ့မှောက်မှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တွေ၊ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊မဲရုံကိုယ်စားလှယ်တွေ၊  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ရှေ့မှောက်မှာ တစ်ရွက်ခြင်းထောင်ပြပြီး မဲရေတွက်ခဲ့တာ ဖြစ်တယ်လို့ လည်း ကော်မရှင်က ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရှိတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတော်တဝန်းလုံးမှာ တည်တယ်ဆိုတဲ့ နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျော့ အပေးအယူနဲ့ မည်သည့်ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းကမျှ ဥပဒေကို ကျော်လွန်ပြီးကာ တစ်မျိုးတစ်ဖုံ   ပြောင်းလဲလို့ရတဲ့ ကိစ္စမဟုတ်ဘူးလို့လည်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဖျက်ပစ်ရမယ်လို့ ပြောကြားထားသလို တပ်မတော် အနေနဲ့ အာဏာမသိမ်းဘူးလို့ မပြောနိုင်ကြောင်း  တပ်မတော် ပြောရေးဆိုခွင့်ရှိ သူကလည်း ထုတ်ဖော်ပြောထားပါတယ်။

PHOT0-MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013