
စက်သုံးဆီ ဝယ်ယူရခက်ခဲတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေမှာ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အီရန်၊ အမေရိကန်တို့ရဲ့ စစ်ရေးပဋိပက္ခနဲ့အတူ တကမ္ဘာလုံးရိုက်ခတ်တဲ့ စက်သုံးဆီဂယက်ကြောင့် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာခဲ့ပါတယ်။
စစ်ကောင်စီက စက်သုံးဆီဝယ်ယူရေးနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်မျိုးစုံထုတ်ပြီး ကန့်သတ်နေတဲ့အတွက် စက်သုံးဆီဈေးတွေ မြင့်တက်နေပါတယ်။
စစ်ကောင်စီတပ် စိုးမိုးတဲ့ မြို့ပြဧရိယာတွေမှာတောင် စက်သုံးဆီ လိုသလောက် မရရှိတဲ့အတွက် မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီတလီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အကြား ဈေးပေါက်နေတယ်လို့ ဆီဆိုင်တွေကနေယူပြီး တဆင့်ပြန်လည်ရောင်းချနေသူတွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေမှာတော့ ဒေသအလိုက် ဓာတ်ဆီ တလီတာဈေးနှုန်း ၁၁,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ အသီးသီးပေးဝယ်နေရတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေ စိုးမိုးမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ မတ် ၃၀ ရက်နေ့မှာ ဓာတ်ဆီတလီတာကို ငွေကျပ် ၁၅,၀၀၀ ပေးဝယ်နေရပြီး ပေပါလိုက်ဆိုရင် တပေပါကို ၂၅ သိန်း ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာတော့ ဒီထက် ဈေးပိုများပါတယ်။
ဓာတ်ဆီဈေးမြင့်တက်ပြီး ဝယ်ယူရတာ ခက်ခဲတဲ့အတွက် ဆားလင်းကြီးမြို့နယ်ထဲကို စားသောက်ကုန် လာရောင်းတဲ့ ဈေးသည်တွေ မလာနိုင်တဲ့အတွက် ဟင်းသီးဟင်းရွက်ကစလို့ အခြေခံစားသောက်ကုန် ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
ဆီအခက်အခဲကြောင့် စစ်ဘေးရှောင်တွေရဲ့ နေ့စဉ်ဘဝ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ သွားလာရတဲ့ ခရီးစရိတ် ဈေးကြီးမြင့်နေတယ်လို့ ဆိုပါတယ်။
စက်သုံးဆီ ရှားပါးလို့ မီးနေသည် အမျိုးသမီးတယောက် ဆေးရုံ အချိန်မီမရောက်တဲ့အတွက် မွေးကင်းစကလေးငယ် သေဆုံးခဲ့ရတဲ့အကြောင်း ဆားလင်းကြီးမြို့က စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ မချောစုဟန်က ပြောပြပါတယ်။
“ဒီ စက်သုံးဆီဈေး မြင့်တက်လာမှုနဲ့အတူတူ ၄ နှစ်ကျော်လောက် ၅ နှစ်နီးပါး ရှောင်တိမ်းနေရတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေဆို ပိုပြီး ခက်ခဲတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒီကိုလာရတဲ့ အနေအထားတွေ၊ နောက်ပြီးတော့ ဒီ ဆေးရုံ ဆေးခန်းသွားဖို့တွေ၊ ကားငှားတာတွေ မလွယ်တော့ဘူး။ သူတို့ရဲ့ ကျန်းမာရေးအရ အရေးပေါ် အနေအထားတောင်မှ သွားဖို့လာဖို့ ခက်ခဲတာမျိုးတွေ ရှိတယ်။ ဒီလိုခက်ခဲမှုတွေကြောင့်လည်း ဒီ အမျိုးသမီးတဦးပေါ့နော်၊ ဆေးရုံကို အချိန်မီမရောက်နိုင်လို့ ကလေးက မွေးပြီးတော့ ဒီ ၄၅ မိနစ်အတွင်းမှာပဲ အသက်ဆုံးရှုံးသွားတဲ့ အနေအထားမျိုးတွေလည်း ရှိပါတယ်။”
မကွေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေမှာတော့ ဓာတ်ဆီတလီတာကို ငွေကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင် ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီကို စစ်ကောင်စီ ထိန်းချုပ်ရာ ဒေသတွေကနေ ဝယ်ယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ ဒေသတွေကို ပြန်လည်သယ်ယူရတဲ့အတွက် လမ်းခရီးစရိတ်နဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းတဲ့ အခွန်အခတွေကြောင့် စက်သုံးဆီဈေး ပိုမြင့်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်သုံးဆီရှားပါးနေတဲ့အတွက် ပညာရေးကဏ္ဍရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ စာရေးကိရိယာ ဈေးတွေ မြင့်တက်တာ၊ ဆရာ၊ ဆရာမတွေကို စွမ်းရည်မြှင့် သင်တန်းတွေ မပေးနိုင်တာ၊ မိဘဆရာ တွေ့ဆုံပွဲတွေ မလုပ်နိုင်တာတွေ ကြုံနေရပြီး ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးပါ ထိခိုက်လာနိုင်တယ်လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ပညာရေးဘုတ်အဖွဲ့တွေနဲ့ ကျောင်းတွေကို သွားလာပြီးတော့မှ စစ်ဆေးအကဲဖြတ်မှုလုပ်ငန်း လုပ်ဆောင်ရာတွေမှာ အကြိမ်ရေ နည်းသွားတယ်။ မိဘတွေ ဆရာတွေနဲ့ တွေ့ဆုံရမဲ့ ကိစ္စတွေမှာ အကြိမ်ရေတွေ နည်းသွားတယ်။ သင်တန်းပေးဖို့ ကိစ္စတွေမှာ သင်တန်းလာရမဲ့ ဆရာ၊ ဆရာမတွေ စရိတ်တွေ မတတ်နိုင်တဲ့အခါမှာတော့ သင်တန်းပေးရမဲ့ အကြိမ်ရေတွေ လျှော့ချပေးရတယ်။ ဒီ ကျနော် စွမ်းရည်မြှင့်ဖို့ ကိစ္စတွေမှာ အတော်လေးကို အခက်အခဲဖြစ်တယ်။ နောက်တခါ ပညာရေးနဲ့ဆိုရင်တော့ တိုက်ရိုက်ကတော့ ဒီ စာရေးကိရိယာပစ္စည်းတွေ ကျောင်းသုံးပစ္စည်းတွေကို ကျနော်တို့ တန်ဆာခ ဈေးကြီးကြီးနဲ့ ပေးပြီးတော့မှ ဝယ်နေရတယ်။”
စက်သုံးဆီ ဝယ်ယူရခက်တဲ့ တလတာဝန်းကျင်မှာတောင် ပညာရေးကဏ္ဍမှာ ထိခိုက်မှုတွေ များနေတဲ့အတွက် ရေရှည် စက်သုံးဆီရှားပါးလာရင် ကလေးတွေရဲ့ပညာရေး ရှေ့ဆက်မရမှာကိုလည်း မိဘတွေက စိုးရိမ်နေကြပါတယ်။
မကွေးတိုင်းက တချို့ကျေးရွာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသက ထွက်တဲ့ ရေနံကို ချက်ပြီး ပြန်ရောင်းတဲ့ ချက်ဆီတွေကို အသုံးပြုကြတဲ့အတွက် စက်သုံးဆီရှားပါးမှုရဲ့ ရိုက်ခက်တဲ့ဒဏ်ကို ကြီးကြီးမားမား မခံစားရသေးဘူးလို့ ဆိုပါတယ်။ အဲဒီချက်ဆီကတော့ တလီတာကို ငွေကျပ် ၁၀,၀၀၀ ဈေးပေးဝယ်ရတယ်လို့ ဆိုပါတယ်။
စက်သုံးဆီဈေး မြင့်တက်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း ဈေးကြီးနေလို့ ဆေးဝါးဈေးတွေလည်း မြင့်တက်နေပြီး စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးဝါးရရှိဖို့ အခက်အခဲတွေလည်း ကြုံနေရတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
သီရိ










