DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် တပ်မတော်ထောက်ခံပွဲ လူစုလူဝေးဖြင့်ကျင်းပခဲ့သူများကို အရေးယူရန် တောင်းဆို
DVB
·
January 26, 2021
ပုသိမ်တွင် တပ်မတော်ထောက်ခံပွဲ လူစုလူဝေးဖြင့်ကျင်းပခဲ့သူများကို အရေးယူရန် တောင်းဆို
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို၊ ဟစ်တိုင်ကွင်းမှာ ဇန်နဝါရီ ၂၅ ရက် မနက်က ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲနဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲမှာ လူပေါင်းရာချီပါဝင်တဲ့ လူစုလူဝေးဖြစ်ပေါ်ခဲ့လို့  ဦးဆောင်သူတွေကို အရေးယူပေးဖို့ ဒေသခံ ပြည်သူတွေက  တောင်းဆိုပါတယ်။

အဆိုပါ တပ်မတော်ထောက်ခံပွဲနဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၉ ဦးနဲ့သာ ပြုလုပ်ဖို့ စာတင်ပြီးပြုလုပ်ခဲ့တာဖြစ်ပေမယ့် နီးစပ်ရာ မြို့နယ်တွေက ဝန်းရံသူတွေရောက်ရှိလာပြီး လူဦးရေ ၃၀၀ ကျော်သွားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့တာပါ။

တပ်မတော်ထောက်ခံပွဲမှာ ပြည်ထောင်စုတရားသူကြီးချုပ်က အမှန်အတိုင်း ဆောင်ရွက်ပေးရေး၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် - အလိုမရှိ၊ မဲခိုးမှုများ စိစစ်ပေးရေး၊ မတရားပြုကျင့်သော မဲရလဒ် - အလိုမရှိ၊ မဲခိုးသူများ အမှန်တရားဝန်ခံရေး၊ တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ တို့ရန်သူ စသော ဗီနိုင်းပိုစတာတွေနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာက လာရောက်ဝန်းရံသူ မမိုးမိုးဝါက "ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး၊ တပ်မတော်ကို ချစ်တယ်။ တပ်မတော်ဘက်ကပဲ အမြဲရပ်တည်မယ်၊ အိမ် တစ်အိမ်မှာ ခြံဝန်းမရှိရင် မလုံခြုံသလိုမျိုးပဲ မြန်မာနိုင်ငံမှာ တပ်မတော်မရှိရင် မလုံခြုံဘူးလို့ ခံစားရတယ်။ တခြားတော့ ပြောဖို့မရှိပါဘူး''လို့ ပြောပါတယ်။

ပုသိမ်မြို့ခံပြည်သူတွေကတော့ ဟစ်တိုင်ကွင်းမှာ လူစုလူဝေးနဲ့ပြုလုပ်ခဲ့တဲ့ တပ်မတော် ထောက်ခံပွဲမှာ ပုသိမ်မြို့မှာနေထိုင်သူတွေပါ ဝင်တာမရှိသလို ဓာတ်ပုံတွေနဲ့ အွန်လိုင်းပေါ်ပျံ့လာမှ သိရတာဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်နေ ကိုဇော်ထိုက်က "မြို့အဝင်ဂိတ်မှာ လည်ဆွဲကတ်တွေ မပါဘဲ ဝင်လာတာတွေ့လို့ လိုက်ကြည့်တာဘယ်က လာမှန်းလည်း မသိဘူး၊ လူစုလူဝေးနဲ့ လာလို့ လိုက်ကြည့်တော့ ကန်သုံးဆင့်ကွင်းထဲ လာတာ တွေ့တယ် အဲ့မှာ ထောက်ခံပွဲလုပ်တာလို့သိရတယ်၊ ဘယ်ကလာမှန်လည်းမသိ နယ်စုံက ဆိုတော့ ရောဂါပြန့်မှာကို စိတ်ပူရပါတယ်''လို့ ပြောပါတယ်။

ပုသိမ်မှာ နေထိုင်တဲ့သူတွေ ဝင်ထွက်သွားလာရင် မြို့ဝင်ဂိတ်မှာ တင်းကြပ်စွာ စစ်ဆေးခံရတာမျိုးတွေရှိပေမယ့် ခုလို လူစုလူဝေးနဲ့ ထောက်ခံစာမပါ နှာခေါင်းစည်းမပါဘဲ ဝင်လာတဲ့သူတွေကို အခုလို လွှတ်ပေးလိုက်တဲ့အပေါ် မြို့ခံအများစုက ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအင်အားစု(ဧရာဝတီ) ဦးဆောင်သူ ဦးစိန်လှအောင်က "ဆန္ဒပြတယ်။ ဆန္ဒထုတ်ဖော်တယ်ဆိုတာ လူအခွင့်အရေးအရ နားလည်ပေမယ့် stay at home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ ကိုဗစ်စည်းကမ်းကိုမလိုက်နာဘဲ ခုလို လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်တာကိုတော့ ကန့်ကွက်ပါတယ်။ ဒီလိုကာလမှာ စစ်ဆေးတဲ့ဂိတ်တွေက ဘယ်လို ဝင်ခွင့်ပြုလိုက်တယ်ဆိုတာ မသိပေမယ့် ခုလိုလူစုလူဝေးနဲ့လုပ်ခဲ့တာကိုတော့ တာဝန်ရှိတဲ့သူ အဆင့်ဆင့်ကို အရေးယူပေးဖို့ တောင်းဆိုပါတယ်'' လို့ ပြောပါတယ်။

လူနည်းနည်းလေးနဲ့ ကျန်းမာရေးဌာနရဲ့စည်းကမ်းတွေနဲ့အညီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့သူတွေကို အရေးယူထားပြီး ခုလို့ လူဦးရေ ရာနဲ့ချီပြီး ပွဲလုပ်တာကို အရေးမယူရင် ဒါဟာ တရားမျှတမှုမရှိတာ တရားဥပဒေစိုးမိုးမှု မရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်ထောက်ခံပွဲလုပ်ရင်း လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အခြေအနေကို ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ကြည့်ရှုခဲ့ပေမဲ့ သတ်မှတ် လူဦးရေထက်ပိုပြီး လူစုလူဝေးဖြစ်ပေါ်နေတဲ့ အခြေအနေကိုတော့ လူစုခွဲဖို့ ပြောဆိုထိန်းသိမ်းတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Stay at Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ လူစုလူဝေးနဲ့ ထောက်ခံပွဲပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင်ပြုလုပ်သူတွေကို အစိုးရအနေနဲ့ အရေးယူပေးဖို့ ရှစ်လေးလုံးအရေးတော်ပုံ အင်အားစု (ဧရာဝတီ)၊ ATAA အဖွဲ့နဲ့ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ တွေက တောင်းဆိုပါတယ်။ 

သတင်း - မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013