DVB Logo
Home
Lead Story
မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးရဲဝင်းထွန်းနှင့် DVB မေးမြန်းချက်
DVB
·
January 26, 2021
မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးရဲဝင်းထွန်းနှင့် DVB မေးမြန်းချက်
Donate to DVB

မြန်မာပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာ၊ ကိုဗစ်-၁၉ ကပ်ဘေးကာလ  အလုပ်သမားတွေရဲ့ အခက်အခဲ၊ အလုပ်သမားဥပဒေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဗဟိုကော်မတီ၀င် ဦးရဲ၀င်းထွန်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။  မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လာပြီလား။ ဘယ်လိုသုံးသပ်မိလဲ။

ဖြေ ။ ။ “ကျနော်တို့ ဒီအလုပ်အကိုင်အခွင့်အလမ်းတွေကို အလုပ်သမားတွေအတွက် ထိုက်သင့်သလောက်ဖန်တီးပေးနိုင်တဲ့ အခြေအနေတွေ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေအပေါ်မှာ ကျနော်တို့ ထိုက်သင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်း အခြေအနေတွေ အလုပ်သမားတွေ ရရှိခဲ့တာတွေတော့ရှိတယ်။သို့သော် ကျနော်တို့ ရည်မှန်းထားတဲ့အရာတွေမှာ မျှော်မှန်းသလောက် အခြေအနေမျိုးထိတော့ တိုးတက်လာတဲ့အခြေအနေမရှိဘူးလို့လည်း တခြားစီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စစ်တမ်းတွေအရ တွေ့ရတာပေါ့။ ဒါကတစ်ပိုင်းပါ။ ကျနော်တို့  အလုပ်သမားတွေအနေနဲ့ကတော့ အလုပ်အကိုင်အခွင့်အလမ်းအရ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း အတွင်းမှာ ထိုက်သင့်တဲ့အခြေအ‌နေတွေရရှိခဲ့တာတော့ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုတော့ ရှိပါတယ်။”

မေး ။ ။ လုပ်ခလစာ၊ အနိမ့်ဆုံးလုပ်ခလစာဟာ ကျပ်  ၄၈၀၀ဆိုတော့ ဘယ်လိုမှမလောက်ငနိုင်တဲ့ အခြေအနေပါ။ ဒါကိုမြင်လာအောင် အခြေခံကျကျလုပ်နိုင်မယ့် နှုန်းထားတစ်ခုကိုပြောပြပါလား။

ဖြေ ။ ။ “ ကျနော်တို့ ကပ်ရောဂါနဲ့ပတ်သက်ပြီး တကမ္ဘာလုံးကြုံရတဲ့ ကပ်ရောဂါအခြေအနေကို အကြောင်းပြုပြီးတော့ ဒီ ကျပ် ၄၈၀၀ ရခဲ့တာ။ မတ်လမှာ သက်တမ်းအရ ပြည့်ခဲ့‌တယ်။ နောက်ထပ်ပြင်ရမယ့်ဟာတွေ‌၊ ဆွေးနွေးရမယ့်ဟာတွေရှိတယ်။ ဒါပေမဲ့ ဇွန်လမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ မှာ အဆိုပြု နှုန်းထားတွေကို အမျိုးသားကော်မတီကို တင်ပေးလိုက်ပါပြီ။ ဒါပေမဲ့ ယန္တရားက ဆက်မသွားဘူး။ ဥပမာပေါ့ဗျာ လက်ရှိအခြေအနေက ကျပ် ၄၈၀၀ နဲ့ မလောက်ငဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က အဆိုပြု နှုန်းထားအချက်တွေ အမျိုးသားကော်မတီကို ရောက်နေပြီဆိုတော့ အမျိုးသားကော်မတီက အစည်းအဝေးခေါ်မယ်။ ခေါ်ပြီးတော့မှ ကျနော်တို့ လိုအပ်ချက် ဒါရှိတယ် ။ သို့သော် နိုင်ငံရဲ့ လက်ရှိအခြေအနေက ဆောင်ရွက်လို့မရဘူးဆိုလည်း မရဘူးဆိုတဲ့အကြောင်းကို သိချင်တာပေါ့။ တရား၀င်အနေအထားလေးတော့ အကောင်အထည် ဖော်သင့်တယ်။ ဒါမှ ဥပဒေလည်း ရှိတယ်။ ယန္တရားလည်း ဘယ်လိုလည်ပတ်နေလဲဆိုတာကို အကောင်အထည်ဖော်မှ ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို ပိုပြီး သိရမှာ။”

မေး ။ ။ အလုပ်သမားဥပဒေနဲ့ ပတ်သက်လို့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ။

ဖြေ ။ ။ “အမှန်တကယ်ကတော့ တည်ဆဲ အလုပ်သမားဥပဒေတွေက မပြည့်စုံဘူး ၊ မလုံလောက်ဘူး ။ဒါကတစ်ချက်။ နောက်တစ်ခုက တည်ဆဲအလုပ်သမားဥပဒေပါ အခွင့်အရေးတွေကို ကျနော်တို့ အလုပ်သမားတွေ လက်ရှိပြည်တွင်းမှာ ရရှိခံစားနေရတာ မရှိဘူး။ အကာအကွယ်အပြည့်အ၀ ရနေတာလည်း မရှိဘူး။ ဒါကတော့ ကျနော် ရိုးရိုးသားသားပြောပြလို့ရတယ်။ လက်ရှိလည်း ဆောက်လုပ်ရေးလုပ်သားတွေ ဥပဒေပါ အခွင့်အရေး ဆုံးရှုံးခံရတဲ့ ကိစ္စတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ကြတယ်။ အခု အထည်ချုပ်စက်ရုံမှာ ၊ စက်မှုဇုန်တွေမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေ ၊ဆန္ဒပြမှုတွေ အငြင်းပွားမှုတွေကို လိုက်ကြည့်လိုက်။ သေချာတယ် ဥပဒေထက် သာလွန်ကောင်းမွန်တဲ့အရာတွေ ၊ တည်ဆဲဥပဒေပါ အခြေအနေတွေ မရလို့။ သို့သော် တဘက်နဲ့ တဘက်  သဘောထားကွဲလွဲမှု အမြင်မတူမှု ကိုဖြစ်စေတဲ့ အငြင်းပွားမှုက အများဆုံးဖြစ်ပါတယ်။ လက်ရှိရနေတဲ့ ကျပ် ၅၀၀၀ ကို ၂၀၀၀၀ ရဖို့ တောင်းတာတို့ ၊ ပိုမိုအခွင့်အရေးရဖို့ တောင်းဆိုကြတယ်ဆိုတာ အင်မတန်မှ ရှားပါတယ်။ လုပ်ဆဲဥပဒေတွေပေါ်မရရှိလို့ ဖြစ်တဲ့ အငြင်းပွားမှုတွေက များပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ နိုင်ငံမှာရှိတဲ့ ဥပဒေတွေက ပြည့်စုံမှု ရှိမရှိနဲ့ ၊အလုပ်သမားတွေ ခံစားခွင့်ရတာတွေကို လွယ်လွယ်ကူကူပဲ မြင်နိုင်ပါတယ်ခင်‌ဗျာ။”

မေး ။ ။ ကိုဗစ်ကာလမှာ အလုပ်သမားတွေ သန်းချီအလုပ်ပြုတ်တယ်။ တစ်ချို့လစာ တစ်၀က်ပဲရတယ်။ ကိုဗစ်ကာလနဲ့ ကိုဗစ်လွန်ကာလမှာ ဘယ်လို ထိန်းကျောင်း ကိုင်တွယ် သင့်တယ်လို့ သမဂ္ဂတွေက မြင်ကြလဲ။

ဖြေ ။ ။ မှော်ဘီမှာဆို အမှတ်(၂) စက်မှုကနေပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ တင်ဒါအောင်ပြီးတော့ ဆောင်ရွက်နေတဲ့ အုတ်စက်ရုံက ဥပဒေပါအခွင့်အရေးတွေ မရဘူး။ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ မရဘူး။ OTကြေးတွေ မရဘူး။ ခွင့်ရက်တွေ မရဘူး။ အဲဒိကိစ္စတွေ ကြုံနေရတယ်။ ဒါတွေကို ကျနော်တို့က တင်ပြတယ်။ ဦးစီးဌာနကလည်း စည်းကြပ်တယ်။ ပေးဖို့ပြောတယ်။ သို့သော် စည်ပင်သာယာရေး ကော်မတီက ဥပဒေပါ အခွင့်အရေးကို သူတို့ကော်မတီရဲ့ ဘုတ်အဖွဲ့က ပေးမှရပါမယ်ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့က ကြုံနေရတယ်။ ဒီလိုမျိုးအရာတွေတော့ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စေချင်တယ်။”

 “ဥပဒေမှာလည်း ရှိတယ်။ ပေးရမှာလည်း သေချာတယ်။ ဒါဆိုရင် အလုပ်သမားတွေ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ရရှိဖို့ မသင့်ဘူးလားပေါ့။ ဒါတွေကို ဘယ်ယန္တရားတွေက ကြာနေတာလဲ။ အခုဟာက ကျနော်တို့ အလုပ်သမားတွေက ကြုံနေရတာ ။ မြေပြင်အခြေအနေက အဲဒိလို ပြဿနာတွေပေါ့။ ဘယ်အကြောင်းတရားကြောင့် ကြာနေတာလဲ မသိဘူး။ ဒါတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်။ ဒါက ကပ်ကာလအတွင်းမှာရော ကပ်ကာလအလွန်မှာရော ထည့်သွင်း စဉ်းစားရမယ့် အရာ‌တွေဖြစ်တယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကတော့ သက်ဆိုရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကပ်ရောဂါလွန် စီးပွားရေး လုပ်ငန်းတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ အတွက်တော့ မဟာ‌ဗျူဟာ၊ နည်းဗျူဟာတွေနဲ့ အကောင်အထည် ဖော်တဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ ရည်မှန်းချက်တွေ ရှိတယ်။ အဲဒိဟာတွေနဲ့ သူတို့ အကောင်အထည် ဖော်နေကြတယ်။ မြေပြင်မှာ တကယ်ကြုံရတာကို မှန်ကန်မြန်ဆန်ပြီး ရှေ့ငါးနှစ်ထက် ပိုတဲ့ထိရောက်မှုမျိုးတွေနဲ့ ဆောင်ရွက်ပေးဖို့ လိုပါတယ်။”

မေး ။ ။ အန်အယ်လ်ဒီအစိုးရရဲ့ မူဝါဒ ၊ အစိုးရသစ် မူဝါဒ အလုပ်အကိုင် အခွင့်အလမ်းတွေ ၊ စိတ်ချလုံခြုံတဲ့ လုပ်ငန်းခွင်တွေနဲ့ ပတ်သက်တဲ့အမြင်တွေ ပြောပေးပါ။

ဖြေ ။ ။ “အလုပ်သမားတွေအတွက်ရော ၊ အလုပ်ရှင်တွေ အတွက်ရော ၊ နိုင်ငံတော် အတွက်ရော တကယ်ဂုဏ်သိက္ခာရှိပြီး လုပ်ငန်းခွင် ဂုဏ်သိက္ခာရှိဖို့ဆို ကျနော်တို့သည် ဒိထက် ပိုမိုတဲ့ ကိုယ်စားပြုမှုတွေနဲ့ ပြောဆိုဆွေးနွေးနိုင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးဖက်စလုံးမှာ အခက်အခဲ ကိုယ်စီရှိကြတယ်။ အစိုးရမှာလည်း သူရဲ့အခြေအနေအရ အကောင်အထည်ဖော်ချင်သလောက် ဖော်လို့မရတဲ့အခါ ၊ တွန်းချင်သလောက် တွန်းလို့မရတဲ့ဟာ ၊ စည်းကြပ်ချင်သလောက် စည်းကြပ်လို့မရတာတွေရှိမယ်။ အလုပ်ရှင်မှာလည်း ထိုနည်း၎င်းပဲ ။လုပ်ပေးချင်တယ်။ လုပ်ပေးနိုင်တာနဲ့ ထပ်တူမကျတဲ့ အခြေအနေမျိုးတွေရှိတယ်။ ထိုနည်း၎င်းပဲ အလုပ်သမားတွေကလည်း မဖြစ်မနေအရေးတကြီးလိုအပ်တဲ့ အကြောင်းအရာတွေရှိတယ်။ အလုပ်သမားတွေအတွက် အစိုးရရော ၊အလုပ်ရှင်ရော မဖြစ်မနေအရေးပေါ် အကောင်အထည်ဖော်ပေးရမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်။ ဒါတွေဟာ ကိုက်ညီသွားဖို့လိုတယ်။ ထပ်တူကျသွားဖို့လည်း လိုတယ်။ ကျနော်တို့ကို တကယ်ကိုယ်စားပြုမှု အစစ်အမှန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ သုံးပွင့်ဆိုင် ယန္တရားတွေကို တကယ့်ကိုအားကောင်းမောင်းသန် အကောင်အထည်ဖော်ဖို့ လိုတယ်။ လေနဲ့ပဲတွေ့ပြီး ပြီးသွားလိုက်တာမျိုးမဟုတ်ဘဲ တွေ့ပြီးတဲ့အခါမှာ ရလာတဲ့ သဘောတူညီမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုရလဒ်တွေကို မြေပြင်မှာ တကယ့်ကိုထိထိရောက်ရောက် အကောင်အထည်ဖော်တဲ့ ယန္တရားလည်း ရှိဖို့ လိုအပ်တယ်။ ဒါကိုလည်း အစိုးရက အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်။”

မေး။ ။ တခြားဘာတွေများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ ။  “အလုပ်သမားတွေတင်ပြ တောင်းဆိုတာတွေကလည်း လိုချင်တာတွေမဟုတ်ဘူး။ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို တောင်းဆိုတာကို ရိုးရိုးသားသားလေးပဲ လက်ခံနားလည်ပေးဖို့ပါ ။ တာ၀န်ရှိသူပဲ ဖြစ်ဖြစ် ၊ အလုပ်ရှင်ပဲ ဖြစ်ဖြစ် အလုပ်သမားတွေက ထစ်ခနဲရှိတောင်းဆိုတယ်ဆိုတဲ့ အမြင်မျိုး စနစ်ကခွင့်ပြုလိုက်တာနဲ့ တောင်းဆိုဖို့ပဲ ဆိုတဲ့အမြင်မျိုးတွေကို လျှော့ချပေးဖို့ လိုပါတယ်။ သူတို့ရဲ့ တင်ပြမှုတွေ တောင်းဆိုမှုတွေက တကယ်ကိုလိုအပ်နေလို့သာဖြစ်ပါတယ်ဆိုတာကို နည်းနည်းလေး ကိုယ်ချင်းစာပြီး နားလည်ပေးဖို့ပါ။ အခု ပြောနေကြတာရှိတယ်။ ကပ်ကာလ လုပ်ငန်းရှင်တွေက အဆင်မပြေဘူး။ ဒါသေချာတယ်။ လုပ်ငန်းရှင်တွေက စားစရာ ၊ နေစရာ ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလို ကိစ္စရပ်တွေမှာတော့ အဆင်ပြေမှာပါ ။ ကျနော်တို့ အခြေခံ အလုပ်သမားတွေက အလုပ်ပြုတ်ရင် မငတ်ဘူးဆိုရင်တောင် အကြွေးသံသရာထဲက မထွက်နိုင်ဘူးဖြစ်မှာ။ ဒီအခြေအ‌‌နေကိုထဲထဲ၀င်၀င် နားလည်ပေးဖို့လိုတယ်။ ဒီဟာလေးတော့ ဖြည့်စွက်ပြီး ပြောချင်ပါတယ်။”

မေး ။ ။ အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013