
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖာကန့်တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်က စစ်အင်အား ပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် လုံးခင်းကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဖားကန့် တပ်မ ကုန်းဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဧပြီ ၆ ရက်က ကားမိုင်း-နန့်ယား ဖားကန့်လမ်းပိုင်းကနေ လဝါးကျေးရွာမှာ တပ်စွဲထား တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံ စစ်ကောင်စီတပ်တွေ လုံးခင်းကျေးရွာ တလျှောက် စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဖားကန့်ဒေသခံ တယောက် က ပြောပါတယ်။
“၆ ရက်က လဝါးက ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အိမ်စီးကား ၅ စီးနဲ့ စစ်ကူတက်လာတယ်။ ပြီးတော့ မြို့အဝင်က ယမ်းချက်စက်ရုံနဲ့ တပ်မကုန်းက စစ်သားတွေပေါင်းပြီး လုံးခင်းကျေးရွာနဲ့ အနီးတဝိုက် အဲဒီတလျှောက်မှာ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ စစ်ရေးအခြေအနေက တင်းမာနေတယ်။ အင်အား ၅၀ လောက်ရှိမယ်။ တပ်မကုန်းထဲ ပြန်ဝင်သွားကြတယ်။ စစ်ကြောင်းတက်လာတုန်းက ပစ်ခတ်မှုတွေ ရှိတယ်။”
လုံးခင်း၊ ဂေါက်ကွင်းရှိတဲ့ တဘက်ခြမ်း သင်္ချိုင်းကုန်းတလျှောက်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားပြီး လုံးခင်း မိန်းလမ်းမကြီးနဲ့ တံတားဟောင်း နေရာအထိ စစ်ကောင်စီတပ်က နေရာယူထားတယ်လို့ ဒေသခံတွေက သိရပါတယ်။
နှစ်ဖက်စစ်တပ်ရဲ့ စစ်ရေးတင်းမာမှုကြောင့် လုံးခင်းကျေးရွာနေ ပြည်သူတွေ သွားလာဖို့ အခက်အခဲ ရှိနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က မော်ဝမ်းကျေးရွာအနီး အင်မားယန်၊ ဆွတ်ဘွမ့်၊ သင်္ချိုင်းကုန်းတလျှောက် နေရာယူထားတဲ့ စစ်တပ်စခန်းတချို့ကို KIA နဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်အင်အားဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့ ဖားကန့်ပြည်သူ တွေက ပြောပါတယ်။
“ကားမိုင်းကလာတဲ့ စစ်ကြောင်းက လုံးခင်းမိန်းလမ်းမကြီးက မလာဘူး။ မလန်တုန်ဘက်ကနေ ဥရုချောင်းဖြတ်ပြီး နမ်ဖြစ်၊ မှော်ဆီစာ၊ သာယာကုန်း အဲ့ဘက် နေရာယူထားတာ။ သာယာကုန်းနဲ့ ရွာတချို့ ဒေသခံတွေ ရှောင်ကြတယ်သိရတယ်။ သူတို့ ဟိုတခေါက် KIA တွေက သူတို့ စခန်းတွေ သိမ်းလိုက်တယ်လေ။ တပ်မကုန်းလည်း ပစ်ခံရတော့ စစ်အင်အားပြန်ဖြည့်တဲ့ သဘောထင်တယ်။ ပြည်သူတွေကတော့ ခြေနေကြည့်ပြီး နေနေရတာပဲ။”
တလကျော်ကြာခန့် တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်မှာ အင်းမာယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ သင်္ချိုင်းကုန်းတလျှောက်မှာ စစ်ကြောင်းထိုးနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၁ ရက် ညနေပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ဖားကန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာ စစ်ကောင်စီတပ်က ဆိုင်းတောင်ကျေးရွာဘက်ကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ နှစ်ဆန်းပိုင်းကစပြီး ဖားကန့် မရှီကထောင် အနောက်ဘက်ခြမ်း ဆုတောင်းကုန်းရှိတဲ့ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေရာယူထားတာ ၃ လခန့်ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
ဟန်န










