
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ကလေးတယောက်အပါအဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ စေတီတဆူ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၁၂ မနက်က မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်မှာ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင် နေအိမ်ပေါ် လဲကျကာ အသက် ၆၀ ကျော်အရွယ် ဦးမောင်ချစ်နဲ့ အသက် ၄ နှစ်အရွယ် မောင်ပိုင်စိုးတို့ သားအဖ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ ဉာဏ်တော်အမြင့်ပေ ၃၀ ရှိ ဆုတောင်းပြည့်စေတီရဲ့ ထီးတော်မြေခပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “လေပြင်းဒဏ်ကြောင့် အိမ်ပေါ် ရေသဖန်းပင် လဲကျတာ။ နေအိမ်ပေါ်ကျတာ။ အိမ်ထဲက ဦးမောင်ချစ်က နောက်စေ့နဲ့ရင်ဘတ် ဒဏ်ရာရတယ်။ ကလေးက ရင်ဘတ်နဲ့ခေါင်း ဒဏ်ရာရတယ်။ အားလုံး ဆေးကုသမှုခံယူနေတယ်။”
လေပြင်းကြောင့် ဒဏ်ရာရှိသူ ၂ ယောက်ထဲက ဦးမောင်ချစ်ကို မော်လမြိုင် ပြည်သူ့ဆေးရုံနဲ့ မောင်ပိုင်စိုးကို မုဒုံပြည်သူ့ဆေးရုံကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မုဒုံဒေသခံတယောက်က “အခုမနက်လေးမှာ ဖြစ်သွားတာ။ အိမ်အပေါ်သစ်ပင်က ကန့်လန့်ဖြတ်ကျတာ။ အိမ်တွေပဲ ပျက်စီးတယ် ထင်တာပေါ့နော်။ ကလေးနဲ့အဖေ ဒဏ်ရာရတာ။ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရပ်သားတွေက ဝိုင်းဝန်းရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၁ ရက် ညကလည်း မုဒုံမြို့နယ်မှာ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ကန်ကြီးစေတီ အဝင်လမ်းအနီး သပြေပင် လဲကျကာ ကျပ်သိန်း ၆၀၀ ခန့် တန်ဖိုးရှိတဲ့ ထရန်စဖော်မာ ၁ လုံး ပျက်စီးခဲ့သလို သစ်ပင်ကြီးတွေနဲ့ လျှပ်စစ်ဓာတ်မီးတိုင်တွေလည်း ပြိုကျ ယိုင်နဲ့ခဲ့တယ်လို့ သိရပါတယ်။










