၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နော်ဝေအသင်းက အိုင်ဗရီကို့စ်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဒဲလက်စ်အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန်လ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ နော်ဝေတိုက်စစ်မှူး အာလင် ဟာလန်းက ပွဲနှောင်းပိုင်း ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူပြီး အောင်ပွဲခံသွားတာဖြစ်ပါတယ်။
ပထမပိုင်းပွဲချိန် ၃၉ မိနစ်မှာ နော်ဝေတောင်ပံကစားသမား အန်တိုနီယိုနူဆာက အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဖန်တီးပေးတဲ့ဘောလုံးကို ဘယ်ဘက်ခြမ်းကနေ ဧရိယာထဲကို ဆွဲဝင်ပြီး ညာခြေနဲ့ ဂိုးရဲ့ အပေါ်ထောင့်ထဲကို ကွေးညွတ်ကန်သွင်းကာ အဆင့်မြင့်မားတဲ့ သွင်းဂိုးတဂိုးကို သွင်းယူပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။
အိုင်ဗရီကို့စ် နည်းပြ အီမားစ်ဖာယေးဟာ မန်ယူနိုက်တက်ကစားသမား အာမတ်ဒီယာလိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့လို့ ဒုတိယပိုင်းကျမှ လူစားဝင်လာတဲ့ အာမတ်က ပွဲချိန် ၇၄ မိနစ်မှာ ညာဘက်ခြမ်းကနေ ဆွဲဝင်ကာ နော်ဝေ ၂ ယောက်ကို ကျော်ဖြတ်ပြီး အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ချေပ ဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၈၆ မိနစ်မှာတော့ ပက်ထရစ်ဘာ့ဂ်ရဲ့ ဖြတ်တင်ဘောကနေတဆင့် ခြောက်ကိုက်အကွာမှာ ဟာလန်းတယောက် နေရာမှန်မှာ ရှိနေခဲ့ပြီး အဆုံးအဖြတ် အနိုင်ဂိုးကို လှိမ့်ဝင်သွားအောင် အနီးကတ် ကန်သွင်းယူပေးခဲ့လို့ နော်ဝေအသင်း အနိုင်ရသွားတာဖြစ်ပါတယ်။
ဒီဂိုးကြောင့် ဟာလန်းဟာ နော်ဝေအသင်းအတွက် အပြိုင်အဆိုင်ကစားရတဲ့ နိုင်ငံတကာပွဲစဉ် ၁၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ နောက်ဆုံးသွင်းဂိုးဟာ နော်ဝေနိုင်ငံသမိုင်းမှာ ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တခုကို ပထမဆုံးအကြိမ် အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ကမ္ဘာ့ဖလား ၃ ပွဲမှာ ၅ ဂိုးမြောက်အဖြစ် ပထမအကြိမ် ထိချက်နဲ့တင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲဟာ အိုင်ဗရီကို့စ်အတွက် ပထမဆုံး ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်ဖြစ်ပြီး၊ နော်ဝေအတွက်တော့ ၂၈ နှစ်အတွင်း ဒီအဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။
ဒီပွဲအနိုင်ရသွားတဲ့ နော်ဝေအသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ဘရာဇီးအသင်းနဲ့ ဇူလိုင် ၅ ရက်နေ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
Source: BBC Sport











