ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အိမ်နီးချင်း အိန္ဒိယနိုင်ငံဆီ ပြည်ပြေးဖြစ်စေခဲ့တဲ့ လူထုအုံကြွမှု နှစ်ပတ်လည်နေ့ သြဂုတ် ၅ ရက်မှာ ဟာစီနာဟာ အိန္ဒိယမြို့တော် နယူးဒေလီမှာ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပါဝင်ခဲ့ပါတယ်။
ဟာစီနာက သူ့ရဲ့ အဝါမီလိဂ်ပါတီအပေါ် ပိတ်ပင်မှုကို ရုပ်သိမ်းသင့်ကြောင်းနဲ့ ဒီဇင်ဘာလမှာ သူ့နိုင်ငံဆီ ပြန်လာမယ်လို့ ထပ်ပြောခဲ့ပြီး ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ အစိုးရသစ်ကို စိန်ခေါ်ခဲ့ပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးပြီးတဲ့နောက်ပိုင်း ပထမဆုံး မီဒီယာတွေ့ဆုံမှုလည်း ဖြစ်ပြီး ဟာစီနာရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
တော်လှန်ရေးကျောင်းသားများ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် တိုဝှစ်ဒ်အစ္စလာမ်က “အဝါမီလိဂ်ပါတီက အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ပါတီတခုဖြစ်တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ သူတို့က တရားမျှတမှုကို ရင်ဆိုင်ဖို့လိုတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံရေးထဲ ပြန်လာဖို့အခွင့်အရေးကို သူတို့ ဘယ်တော့မှ မရသင့်ဘူး” လို့ ရိုက်တာသတင်းကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပြီး အိန္ဒိယအစိုးရက တောင်းဆိုချက်ကို လက်ခံရရှိပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။
မကြာသေးမီက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်စလုံးက ဆက်ဆံရေး တိုးတက်စေဖို့ ဆန္ဒရှိကြောင်း အချက်ပြခဲ့ပေမဲ့ ဟာစီနာရဲ့ နောက်ဆုံးမှတ်ချက်တွေနဲ့ ပြန်လာဖို့ အစီအစဉ်တွေကြောင့် ပိုရှုပ်ထွေးသွားနိုင်ပြီး ဆက်ဆံရေးက မချောမွေ့ဘဲ ရှိနေပါတယ်။
Source: Reuters










