DVB Logo
Home
ပညာရေး/နည်းပညာ
အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အား ဂုဏ်ပြုကြိုဆို
DVB
·
January 24, 2021
အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အား ဂုဏ်ပြုကြိုဆို
1 / 7
Donate to DVB

ဇန်နဝါရီ ၂၄ ရက်ဟာ  ‘အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့’ပါ။ ၂၀၁၈ ဒီဇင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ သတ်မှတ်ခဲ့တာပါ။ ‘ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ အရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးရဲ့ အခန်းကဏ္ဍကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် အပြည်ပြည်ဆိုင်ရာပညာရေးနေ့အဖြစ် သတ်မှတ်ကျင်းပတာလည်း ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ   ပညာရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေတယ်ဆိုတာ နိုင်ငံအားလုံးက မငြင်းဆန်ကြပေမယ့် မြန်မာပြည်မှာတော့ ပညာရေးအပေါ် အလေးအနက်ထား ဆွေးနွေးကြတာ အလွန်နည်းပါးနေတယ်။



ကမ္ဘာကြီးတခုလုံးက ပညာခေတ်ကြီးရောက်နေပြီလို့ တစာစာအော်ဟစ်နေပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပညာရေးကတော့ နိမ့်ကျမြဲနိမ့်ကျနေဆဲပါပဲ။ တခါတခါတော့လည်း မြန်မာ့လူ့အဖွဲ့အစည်းဟာ ‘ပညာလူ့အဖွဲ့အစည်း ဟုတ်ရဲ့လား’ဆိုတာ သံသယတောင်ဖြစ်မိတယ်။

ပဒေသရာဇ်ခေတ်ကာလတွေကစပြီး ဘုန်ကြီးကျောင်းသင် ပညာရေးက စခဲ့တာ။ အဲဒီကာလတလျှောက်လုံး ‘အာဂုံဆောင်မှ အာဂလူ’ ဆိုတဲ့ ကြက်တူရွေးစာသင်စနစ်နဲ့ စခဲ့တာကိုး။ ပဒေသရာဇ်နဲ့ ဘာသာရေးအကျိုးပြု ပညာရေးလို့ ဆိုကြပါစို့။ “သာသနာ့ဒါယကာဘွဲ့ ခံယူလိုသူဘုရင်နဲ့ အခွင့်ထူးခံဘုန်းကြီးတို့က တလှေတည်းစီး တခရီးတည်းသွားတွေ”လို့ ပါမောက္ခဦးမောင်မောင်ကြီးက “Burmese political values  စာအုပ်မှာ ပြောခဲ့သေးတယ်။



 

ကိုလိုနီခေတ်ပညာရေးကတော့ မြန်မာပြည်ပညာသမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တယ်။ ဖဆပလခေတ် ပညာရေးလည်း အထိုက်အလျောက်တော့ ကောင်းပါသေးတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ၁၉၆၄-၆၅ ‘ပညာရေးစနစ်သစ်’ စပေါ်လာတယ်။ အဲဒီကတည်းက မြန်မာ့ပညာရေးဟာ နိမ့်ကျလာခဲ့တော့တာပါပဲ။ ၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်ကာလတခုလုံးမှာတော့ ပညာရေးဟာ စနစ်တကျ ဖျက်ဆီးခံလိုက်ရတော့တယ်လို့ ပညာရှင်တွေက သတ်မှတ်ရလောက်အောင် နိမ့်ကျလာခဲ့တယ်။ ဒါကြောင့် ‘အာဏာရှင်လက်ထဲမှာ ပညာရေး’ဟာ အညွန့်မလူနိုင်ဘူးလို့ ဆိုစမှတ်ပြုကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက် ပညာရေးနဲ့ပတ်သက်လို့ အခြေအနေတချို့ ပြုပြင်ဖို့ လုပ်ခဲ့ပါတယ်။ ပညာရေးဆိုင်ရာမူဝါဒတချို့ ဖြေလျှော့ပေးလာတယ်။ ပုဂ္ဂလိကကျောင်းတွေ ပေါ်လာတယ်။ နိုင်ငံတကာကျောင်းတချို့ ဖွင့်လာကြတယ်။ အလုပ်အကိုင်အခွင့်အလမ်း တချို့လည်း ပွင့်လာတယ်။ အမျိုးသားပညာရေးမူအသစ်ဆိုပေမယ့် တပါတီအာဏာရှင်စနစ်က အမြစ်တွယ်နေတဲ့ မူတချို့ကို မချေဖျက်နိုင်ဘဲ ဆက်လက်ကျင့်သုံးနေတာက ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။

နိုင်ငံတနိုင်ငံ ထူထောင်ရာမှာ ‘စီးပွားရေးအခြေခံအဆောက်အအုံ (Basic structure) ပေါ်မှာ အပေါ်ထပ်အဆောက်အအုံ (super structure) တည်ဆောက်ကြရတာ။ ပညာရေးဟာ အပေါ်ထပ် အဆောက်အအုံမှာ ပါတာကိုး။ ဒီတော့ စစ်အာဏာသိမ်းခေတ်နဲ့ ‘မဆလ’ တပါတီအာဏာရှင်စနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ပညာရေးမူကို ချမှတ်ခဲ့တာ။ တက္ကသိုလ်ပညာရေးမှာဆိုရင်လည်း တပါတီစနစ်နဲ့ ညီမယ့် ဘာသာတွဲ (combination)စနစ်ကနေ တဘာသာချင်း အထူးပြုတဲ့(major) ဘာသာရပ်စနစ်ကို ပြောင်းခဲ့တာကို သတိပြုစေချင်တယ်။



ဒီနေ့ကာလရဲ့ ပါတီစုံဒီမိုကရေစီလမ်းကို ဈေးကွက်စီးပွားရေးအခြေခံကို ပြောင်းလဲနေတာကြောင့် အရင်လို မလွတ်လပ်တဲ့ အမှတ်ခွဲစနစ်တွေနဲ့သွားလို့ အဆင်မပြေနိုင်တော့။ ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ မိမိနှစ်သက်ရာ၊ ဝါသနာပါရာ သင်ယူနိုင်ခွင့်အတွက် စဉ်းစားကြရမှာပါ။ ဒါအပြင် အသက်မွေးဝမ်းကျောင်းသင်ပညာရေးကိုလည်း အလေးထားစဉ်းစား ပြောင်းလဲပေးရမှာပဲ ဖြစ်တယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်တက်လာချိန်မှာ ဒီမိုကရေစီပညာရေးနဲ့အညီ ပြောင်းလဲနိုင်ဖို့ ‘အမျိုးသားပညာရေးမူဝါဒကော်မရှင်’ကို အသစ်ဖွဲ့စည်းပါတယ်။ အဲဒီကော်မရှင်ကနေ သင်ရိုးညွှန်းတမ်း၊ စာမေးပွဲစနစ်၊ ပညာရေးဆိုင်ရာမူဝါဒ၊ စတာတွေကို ရေးဆွဲ အကောင်အထည်ဖော်လာခဲ့တယ်။ စာမေးပွဲအမှတ်နဲ့ ကန့်သတ်ထားတဲ့ ပညာရေးစနစ်ကို ဒီမိုကရေစီပညာရေးစနစ်နဲ့ အစားထိုးဖို့ အစပြုလာခဲ့တယ်။ အခြေခံအဆောက်အအုံနဲ့ လိုက်လျောညီထွေဖြစ်မယ့် အချက်အလက်တချို့ကို ပြုပြင်ရေးဆွဲနိုင်ခဲ့ပေမယ့် တက္ကသိုလ်တွေမှာတော့ (major) အထူးပြုဘာသာစနစ်နဲ့ (combination) ဘာသာတွဲတို့ကိုတော့ မပြောင်းလဲနိုင်ခဲ့သေးတာ တွေ့ရတယ်။



သင်ရိုးညွှန်းတမ်းနဲ့ စာမေးပွဲစနစ်တွေ၊ စာမေးပွဲရမှတ်နဲ့ အဆုံးအဖြတ်မပြုတော့ဘဲ ဒီမိုကရေစီပညာရေးစနစ်ကို ပြောင်းလဲအစားထိုးဖို့ အစပြုနေချိန်မှာပဲ ‘ကိုဗစ်-၁၉’ လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကျရောက်လာခဲ့တယ်။ ကမ္ဘာ့အရပ်ရပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေသာမက ပညာရေးပိုင်းဟာလည်း ရပ်ဆိုင်းသွားခဲ့ပါတော့တယ်။ နိုင်ငံတချို့မှာ ကိုဗစ်ကပ်ဘေးကြားက ကျောင်းသားတွေရဲ့ ပညာသင်ကြားရေး မရပ်တန့်အောင် နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဟာ နောက်ကျကျန်ခဲ့တဲ့ မြန်မာ့ပညာရေးအတွက်ကတော့ တခြားနိုင်ငံတွေထက် ပိုမိုတဲ့ အဟန့်အတားဖြစ်စေခဲ့သလို ဒီမိုကရေစီပညာရေးစနစ်သစ်ဆီ မချီတက်နိုင်မီမှာဘဲ ရပ်ဆိုင်းသွားခဲ့တာပါပဲ။



ပညာရေးနိမ့်ကျရင် လူ့အဖွဲ့အစည်းရဲ့ ခွဲခြားဆက်ဆံခံရမှုကလည်း သဘာဝတရားတခု ဖြစ်နေတာကြောင့် လူတိုင်း ပညာသင်ကြားနိုင်ရေးကလည်း လိုအပ်နေတယ်။ လူတိုင်းအတွက် ကောင်းမွန်လျောက်ပတ်တဲ့ ပညာရေးတခုဟာလည်း နိုင်ငံတော်ရဲ့ ပညာရေး မူဝါဒအပေါ် မူတည်နေပြန်ပါတယ်။ ပညာရေးရဲ့ အခန်းကဏ္ဍဟာ အလွန်ကျယ်ပြန့်လာခဲ့တယ်။

ဒါကြောင့်လည်း  ကုလသမဂ္ဂက ‘ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနဲ့ အရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး’ကို ဦးတည်ပြီး ဇန်နဝါရီ  ၂၄ ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာပညာရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးလိုပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း ပညာရေးအပေါ် မူတည်နေပါတယ်။ ဒါကြောင့် မကြာခင် ဒုတိယ သက်တမ်းကို တာဝန်ယူရတော့မယ့် အန်အယ်လ်ဒီ အစိုးအဖွဲ့သစ်အနေနဲ့ ကမ္ဘာ့အလယ်မှာ နိမ့်ကျနေတဲ့ မြန်မာ့ပညာရေးကို ပြန်လည်မြှင့်တင်ဖို့ ပြုပြင်ပြောင်းလဲသင့်တာတွေကို အမြန်ဆုံး အစွမ်းကုန် ပြောင်းလဲ လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်ရပါတယ်။  

ထွန်းဇော်ဌေး   

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013