DVB Logo
Home
မြန်မာသတင်း
အိမ်ထောင်စုပေါင်း သိန်း ၂၀ ကျော်အတွက် ကိုဗစ်ကာလထောက်ပံ့ငွေ ပေးမည်
DVB
·
January 24, 2021
အိမ်ထောင်စုပေါင်း သိန်း ၂၀ ကျော်အတွက် ကိုဗစ်ကာလထောက်ပံ့ငွေ ပေးမည်
Donate to DVB

အိမ်ထောင်စုပေါင်း သိန်း ၂၀ ကျော်အတွက် မကြာခင်မှာ ကိုဗစ်ကာလထောက်ပံ့ငွေတွေ ပေးတော့မယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးက ပြောပါတယ်။

အခု နောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု ၂,၀၁၁,၀၉၅ စုအတွက် ငွေကျပ် ၅၆ ဒသမ ၀၇၆၆ ဘီလီယံ (ကျပ်သန်းပေါင်း ၅၆,၀၀၀ ကျော်) ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက် ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်လို့ ဝန်ကြီး ဦးမင်းသူက သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြလိုက်တာပါ။

ဒါဟာ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးရာမှာ မပါတဲ့သူတွေ၊ အလုပ်အကိုင်အခက်အခဲရှိသူတွေက စားသောက်ရေးခက်ခဲလာလို့ တင်ပြလာတာတွေကို စိစစ်ပြီးပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဝန်ကြီးဖော်ပြထားတဲ့အတိုင်းဆိုရင်တော့ အိမ်ထောင်စုတစုကို ကျပ် ၂၈,၀၀၀ ဝန်းကျင်ရမှာ ဖြစ်ပါတယ်။

ကိုဗစ် ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကနေ ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံ (ကျပ်သန်းပေါင်း ၅၆၀,၀၀၀ ကျော်) သုံးစွဲခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အရင်အကြိမ်တွေမှာ ထောက်ပံ့ကြေးမရတာနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၇ ရက်အထိ တိုင်ကြားစာပေါင်း ၂ သိန်း ၁ သောင်းကျော်ရခဲ့ပြီး ၁ သိန်း ၈ သောင်းကျော်ကို စိစစ်ပြီးစီးခဲ့တာမှာ မှတ်ကန်တဲ့ တိုင်ကြားစာက ၁ သိန်း ၈ သောင်းလောက်၊ မှန်ကန်မှုမရှိတဲ့ တိုင်ကြားစာပေါင်း ၅,၄၀၀ ကျော် တွေ့ရတယ်လို့ ဝန်ကြီးက ရေးသားခဲ့ပါတယ်။

ဒီတကြိမ်ထောက်ပံ့တာနဲ့ပတ်သက်ပြီးတော့လည်း “ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပြုရာမှာ အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ထောက်ပံ့မှုမျိုး ဖြစ်စေဖို့၊ သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေတွေ မှန်မှန်ကန်ကန် ရောက်ရှိစေဖို့နဲ့ ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ်စေဖို့တို့အတွက်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားဖို့အတွက်လည်း  ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်” လို့ ဝန်ကြီးက ရေးသား ဖော်ပြထားပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့   အခြေခံလူတန်းစားအိမ်ထောင်စုတွေကို  နိုင်ငံတော်အစိုးရက   ထောက်ပံ့ပေးတဲ့  အစီအစဉ်အရ ပထမအကြိမ် ဧပြီလက စလို့ စုစုပေါင်း အိမ်ထောင်စု ၅ ဒသမ၄ သန်းနီးပါးကို အခြေခံစားကုန် ၅ မျိုးစီ၊ ဒုတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းနီးပါးကို ငွေကျပ် ၄၀,၀၀၀ စီ၊ တတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်းနီးပါးနဲ့  စတုတ္ထအကြိမ်မှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းနီးပါးကို ထောက်ပံ့ပေးထားတယ်လို့   ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013