
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ သဖန်းဆိပ်ဆည်ရေမနိုင်လို့ မူးမြစ်အတွင်း အဆမတန် ရေလွှဲ လိုက်တာကြောင့် မူးမြစ်ရေကြီးပြီး ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ၁၅ ရွာရှိကာ ပြည်သူ ၂၀,၀၀၀ ကျော် ရေးဘေးဒုက္ခခံစားနေကာ တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့မြို့နယ်မှာ ကျေးရွာ ၁၅ ရွာက ပြည်သူ ၂၂,၀၀၀ ကျော် ရေဘေးသင့်ပါတယ်။ အဲဒီအထဲက အမျိုးသားတဦး ရေနစ် သေဆုံးခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူ အားလုံးကို စက်လှေတွေနဲ့ကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးပြီး ပါပြီ။ စားရေး၊ ကျန်းမာရေးအတွက် ကူညီထောက်ပံ့တာတွေ ဆက်လုပ်နေကြပါတယ်” လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ဝက်လက်မြို့နယ် ပကဖ၊ SPK တိုက်နယ် ပကဖ၊ ဝက်လက်မြို့နယ် ပအဖ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ CDM တွေနဲ့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂတို့က ထမင်း၊ ဟင်း၊ ရိက္ခာခြောက်နဲ့ သောက်ရေသန့်တွေကို ကူညီနေပြီး ဝက်လက်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီကတော့ ရိက္ခာခြောက်၊ ရေသန့်နဲ့ ဓာတ်ဆား၊ အဖျားဖြတ်ဆေးတွေကို ကူညီပေး နေပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်းက စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ(တောင်)၊ တည်တော၊ သမ္မရိုး၊ ကိုင်းရွာ၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုန်း၊ မူးကမ်းလေး၊ ကျောက်တိုင်၊ မြင်းသည်၊ ဥယျာဉ်သာ(မြောက်) မူးမြစ်အနီးက ကျေးရွာ ၁၅ ရွာ ရေကြီးနစ်မြုပ်နေပြီး မာလကာ၊ သင်္ဘော၊ ငှက်ပျော စတဲ့ ခြံသီးနှံတွေနဲ့ မိုးစပါးပျိုးခင်းတချို့လည်း ရေမြုပ်ကုန်လို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။










