
မရေရာမှုတွေ ပြည့်နှက်နေတဲ့ လမ်းအဆုံးမှာ Safe House ဆိုတဲ့ ခိုနားရာတခုက ကျနော်တို့ကို စောင့်ကြိုနေခဲ့ပါတယ်။ မြေပြင်က ကျောက်ပြားတွေဆီကနေ အအေးဓာတ်က စိမ့်တက်နေပြီး ဆောင်းဦးရဲ့ လေအေးက တိုက်ခတ်နေတဲ့ ညနေခင်းတခုပေါ့။
အဲဒီကို မရောက်ခင်မှာပဲ လမ်းညွှန်ပေးသူက မှာလိုက်တဲ့ စကားတခွန်း ရှိပါတယ်။ "အခန်းရောက်ရင် အခန်း (၁) က အဘွားဆီမှာ သော့ယူပြီး ဖွင့်လိုက်ပါ" တဲ့။ အဲဒီတုန်းကတော့ အဘွားဆိုတာ ကျနော်တို့နေမဲ့ အခန်းသော့ကို ခဏသိမ်းပေးထားတဲ့သူလို့ပဲ ထင်ခဲ့မိတာပါ။
အခန်း (၁) တံခါးကို ခေါက်လိုက်တဲ့အခါ ထွက်လာတဲ့ အဘွားရဲ့အပြုံးက ကျနော်တို့လို အိမ်ဝေးနေသူတွေအတွက် ပထမဆုံးရရှိလိုက်တဲ့ နွေးထွေးမှုတခု ဖြစ်ခဲ့ပါတယ်။ အဘွားရဲ့လက်ထဲက သော့ဟာ ကျနော်တို့နေမဲ့ အခန်းလေးကိုပဲ ဖွင့်ပေးနိုင်တာ မဟုတ်ဘဲ ဒီတိုက်တခုလုံးရဲ့ လျှို့ဝှက်ချက်တွေ၊ ဘေးကင်းမှုတွေကို ထိန်းချုပ်ထားတဲ့ Master Key ဖြစ်နေမှန်း နောက်မှ သိလာရပါတယ်။
အဘွားက အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ရှင်မတယောက်လို ဒီမှာ ဘယ်လို နေထိုင်ရမယ်၊ ဘာတွေကို သတိထားရမယ် ဆိုတာကို ရောက်ရောက်ချင်းမှာပဲ မိခင်တယောက်လို ညွှန်ကြားပေးပါတယ်။
“သားတို့ ဒီမှာက ကျောက်ပြားခင်းတွေမို့ အရမ်းအေးတယ်၊ ကြမ်းပြင်ပေါ်မှာ အခင်းထူထူခင်းပြီးမှ အိပ်ကြ၊ အအေးပတ်မယ်” ဆိုတဲ့ စကားလေးက ဆောင်းရာသီရဲ့ အအေးဒဏ်ကို အန်တုဖို့ ခွန်အားတခု ဖြစ်ခဲ့ရပါတယ်။
ဒီ Safe House လေးမှာ အခန်း ၅ ခန်း ရှိပေမဲ့ ပုံမှန်အခြေချနေထိုင်သူတွေကတော့ အခန်း ၃ ခန်းပဲ ရှိပါတယ်။ ကျန်တဲ့အခန်းတွေကတော့ လိပ်ပြာတကောင်လို ခဏတဖြုတ် လာနားလိုက်၊ ပျံသန်းသွားလိုက်နဲ့ ဧည့်သည်တွေပေါ့။ ကျနော်တို့ ၃ ခန်းကတော့ ဒီတိုက်လေးထဲမှာ သံယောဇဉ်တွေ၊ အမှတ်တရတွေနဲ့ လရှည်ကြာစွာ အမြစ်တွယ်နေခဲ့ကြသူတွေပါ။
အခန်း (၁) က အဘွားအိုဟာ ကျနော်တို့အတွက်တော့ သော့ကိုင်ရှင်တယောက်ထက် ပိုပါတယ်။ သူက ခဏတဖြုတ် လာနားတဲ့သူတွေကို Master Key နဲ့ တံခါးဖွင့်ပေးသလို ကျနော်တို့လို လရှည်နေသူတွေအတွက်တော့ အေးစက်တဲ့ ညတွေမှာ စိတ်ဓာတ်မကျအောင် နွေးထွေးတဲ့ အကြံဉာဏ်တွေနဲ့ နှလုံးသားတံခါးကို ဖွင့်ပေးထားသူလည်း ဖြစ်နေပါတော့တယ်။
တခါတလေ Safe House ရဲ့ တိတ်ဆိတ်မှုကို ခံစားနေရချိန်မှာ အခန်း (၁) ဆီက အဘွားရဲ့ တရားစာ ရွတ်ဖတ်သံလေးကို ကြားနေရတာကပဲ ကျနော်တို့ တယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိကို ပေးနေပါတယ်။
Safe House ရဲ့ အစွန်ဆုံးဘက် အခန်းလေးဆီကနေ နေ့စဉ်ရက်ဆက်ဆိုသလို ကြားနေရတဲ့ အသံတခု ရှိပါတယ်။ အဲဒါကတော့ တိုးညှင်းတဲ့ ဘုရားရှိခိုးသံနဲ့ ပုတီးစေ့လေးတွေ တလုံးချင်း လျှောကျသွားတိုင်း ပါးစပ်က ရွတ်ဆိုနေတဲ့ မေတ္တာပို့သံတွေပါပဲ။ အဲဒီအသံလေးတွေဟာ အေးစက်တဲ့ ကျောက်ပြားခင်း အခန်းလေးတွေထဲမှာ ခိုလှုံနေရတဲ့ ကျနော်တို့အတွက်တော့ နွေးထွေးတဲ့ အကာအကွယ်တခုလို ဖြစ်နေခဲ့ပါတယ်။
အဘွားဟာ ဒီရေခြားမြေခြားအရပ်ကို အပျော်ခရီးလာခဲ့တာ မဟုတ်ပါဘူး။ သတင်းသမားတယောက် ဖြစ်တဲ့ သားဖြစ်သူရဲ့ ဖောက်ပြန်လာတဲ့ ကျန်းမာရေးအခြေအနေကြောင့် မိခင်တယောက်ရဲ့ စိုးရိမ်စိတ်နဲ့အတူ လက်မတင်လေး လိုက်လာခဲ့တာပါ။ “သားဘေးနားမှာ ငါ ရှိမှဖြစ်မယ်” ဆိုတဲ့ အသိတခုတည်းနဲ့ အရာရာကို စွန့်ခွာပြီး ဒီ Safe House ရဲ့ အခန်းငယ်လေးထဲမှာ မိခင်မေတ္တာနဲ့ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ သားဖြစ်သူရဲ့ ကျန်းမာရေးက ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ဒါပေမဲ့ အဘွားရဲ့ မျက်ဝန်းတွေထဲမှာတော့ ဆုံးဖြတ်ရခက်ခဲနေတဲ့ ဝေခွဲမရမှုတွေကို ကျနော် မြင်နေရပါတယ်။ ပြည်တွင်းက အခြေအနေတွေဟာ တနေ့ထက်တနေ့ ပိုမိုကျပ်တည်းလာနေတယ်ဆိုတဲ့ သတင်းစကားတွေက အဘွားရဲ့ အိမ်ပြန်လမ်းကို ပိတ်ဆို့ထားသလိုပါပဲ။
“အထဲကို ပြန်ဝင်ကြမလား... ဒါမှမဟုတ် ဒီမှာပဲ ဆက်နေရမလား…”
ဒီမေးခွန်းက အဘွားရဲ့ရင်ထဲမှာ အမြဲတစေ ဝဲလည်နေတတ်ပါတယ်။ အမိမြေကို လွမ်းတဲ့စိတ်နဲ့ အိမ်ပြန်ဖို့ တွေးမိတိုင်းမှာပဲ “အခုချိန် ပြန်ဖို့ မသင့်သေးဘူး” ဆိုတဲ့ လက်တွေ့ဘဝရဲ့ ခါးသီးမှုတွေရှေ့မှာ အဘွားရဲ့ အိမ်ပြန်လမ်းဟာ ရပ်တန့်သွားခဲ့ရပြန်ပါတယ်။
အသက်အရွယ်ကြီးရင့်မှ သူစိမ်းပြင်ပြင် အရပ်ဒေသမှာ မရေရာတဲ့ အနာဂတ်ကို ငေးကြည့်ရင်း အဘွား လုပ်နိုင်တာကတော့ ပုတီးစေ့လေးတွေကို တလုံးချင်း လှိမ့်ရင်း သားဖြစ်သူနဲ့ တိုင်းပြည်အတွက် ဆုတောင်းပေးနေရုံပါပဲ။
အခန်း (၁) က သော့လေးဟာ အခန်းတံခါးတွေကို ဖွင့်ပေးနိုင်တဲ့ Master Key ဖြစ်ပေမဲ့ အဘွားရဲ့ ရင်ထဲမှာ ပိတ်မိနေတဲ့ “အိမ်ပြန်ချင်စိတ်” ဆိုတဲ့ တံခါးကြီးကိုတော့ ဘယ်သော့နဲ့မှ ဖွင့်လို့ မရနိုင်သေးပါဘူး။ ကျနော်တို့ အခန်း ၃ ခန်းက လူတွေဟာ ကိုယ့်အခန်းကိုယ် ပြန်ဝင်တိုင်း အဘွားရဲ့ ပုတီးစိတ် ဆုတောင်းသံလေးကို ကြားလိုက်ရရင်ပဲ “ငါတို့အားလုံး ဘေးကင်းပါသေးတယ်” ဆိုတဲ့ စိတ်နဲ့ ညတွေကို ဖြတ်သန်းနေကြရပါတယ်။
Safe House ရဲ့ အခန်း (၁) က အဘွားအိုဟာ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်နဲ့ ခေတ်တခုရဲ့ မှတ်တမ်းတွေကိုလည်း သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ သိမ်းဆည်းထားသူ ဖြစ်ပါတယ်။ အဘွားနဲ့ စကားစမြည်ပြောဖြစ်တဲ့ အခါတိုင်းမှာတော့ ကျနော်တို့ဟာ လက်ရှိရောက်နေတဲ့ ရေခြားမြေခြားအရပ်ကို မေ့လျော့ပြီး အဘွားရဲ့ အသံနဲ့အတူ အတိတ်ကာလဆီကို မျောပါသွားတတ်ကြပါတယ်။
"ငါ ဆယ်နှစ်သမီး အရွယ်ကတည်းက အဖေနဲ့အမေ ကွဲသွားကြတာ။ အဲဒီတုန်းက မောင်နှမတွေထဲမှာ အဖေဘက် လိုက်တဲ့သူကလိုက်၊ အမေဘက် လိုက်တဲ့သူက လိုက်နဲ့ပေါ့။ ငါကတော့ အဖေနဲ့အတူ သထုံနယ်က ပင်လယ်ကမ်းရိုးတန်းနားက ရွာလေးတရွာကို ရောက်သွားခဲ့တာ။"
အဘွားက အတိတ်ကို ပြန်ပြောင်းပြောပြရင် မျက်ဝန်းတွေက ငယ်မူပြန်သွားသလို အရောင်တောက်လာတတ်ပါတယ်။ အဘွားရဲ့ ပုံပြောခြင်းအတတ်က ထိုင်ရာက မထချင်လောက်အောင်ကို ဆွဲဆောင်မှုရှိပါတယ်။ အဘွားပြောပြတဲ့အထဲမှာ အထူးခြားဆုံးကတော့ သထုံနယ်က အမျိုးသမီး တော်လှန်ရေး ခေါင်းဆောင်တဦး အကြောင်းပါပဲ။
"သူက ဆံပင်ကို ရောင်ထုံးကြီး ထုံးထားတာ။ လူကြီးတွေ ပြောတာကတော့ သူ့ဆံပင်ကိုသာ ဖြန့်ချလိုက်ရင် တပ်ရင်းတရင်းလုံးတောင် ပျောက်သွားနိုင်တယ်တဲ့။ ငါတို့ကတော့ ကလေးဆိုတော့ ဘာမှမသိဘူး၊ အိမ်နောက်ဘက်မှာ ဆော့နေကြတာပေါ့။"
အဘွားရဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ သေနတ်သံတွေ၊ မီးခိုးနံ့တွေနဲ့အတူ ထူးဆန်းတဲ့ လူထုတော်လှန်ရေး အငွေ့အသက်တွေ ပါဝင်နေခဲ့ပါတယ်။ တညမှာတော့ ဦးပဝက် ဆိုသူရဲ့ ဆန်စက်ကြီး မီးလောင်ခဲ့တယ်။ အဲဒီ အမျိုးသမီးခေါင်းဆောင်နဲ့ အဖွဲ့က ဆန်စက်ကို မီးရှို့တာ။ မီးမရှို့ခင်တော့ ရွာသားတွေကို "ယူချင်တာ ယူကြ" ဆိုပြီး ခွင့်ပြုခဲ့သတဲ့။ ဒါပေမဲ့ ဆန်စက်စောင့်တွေကိုတော့ ဘာမှ အန္တရာယ်မပြုခဲ့ဘူး။
နောက်တခါ "အုန်းမှုတ်စိန်" ဇာတ်ပွဲဝင်တဲ့ ညမှာလည်း အဲဒီ တော်လှန်ရေး အမျိုးသမီးခေါင်းဆောင်နဲ့ အဖွဲ့က ရွာထဲကို အေးအေးလူလူ ပြန်ရောက်လာခဲ့ပြန်ပါတယ်တဲ့။
"သူက စစ်တပ်ကိုလည်း ပြောထားတာ၊ ငါတို့ကို မပစ်နဲ့၊ ပစ်ရင် ငါတို့လည်း ပြန်ပစ်မှာလို့ ရဲရဲဝံ့ဝံ့ ပြောရဲတဲ့သူ။ ပြည်သူကိုတော့ ဘာမှမလုပ်ဘူး။"
အဘွားရဲ့ စကားသံတွေထဲမှာ ငယ်ဘဝက ကြုံခဲ့ရတဲ့ တော်လှန်ရေးပုံရိပ်တွေဟာ အခု ကျနော်တို့ ကြုံတွေ့နေရတဲ့ ခေတ်ပျက်ကြီးနဲ့ ထူးဆန်းစွာ ထပ်တူကျနေသယောင် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သထုံနယ်က ပင်လယ်နားက ရွာလေးတရွာက အဖြစ်အပျက်တွေဟာ အခု Safe House ရဲ့ အခန်းငယ်လေးထဲမှာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။
အဘွားကတော့ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကို မြိန်ရေရှက်ရေ ပြောပြနေဆဲပါ။ အဘွားရဲ့ ပုံပြင်တွေက ကျနော်တို့အတွက်တော့ ဆေးတခွက်လိုပါပဲ။ ဒီမရေရာတဲ့ ခေတ်ကြီးထဲမှာ အရင်ကလည်း ဒီလို အခက်အခဲတွေ ရှိခဲ့ဖူးတာပဲ၊ ငါတို့လည်း ကျော်ဖြတ်နိုင်ရမှာပေါ့ ဆိုတဲ့ ခွန်အားတွေကို အဘွားရဲ့ စကားလမ်းကြောင်းတွေကြားကနေ ကျနော်တို့ ရှာဖွေနေမိပါတော့တယ်။
အဘွားရဲ့ ပြောစကားတွေထဲမှာ ဒီတခါတော့ ပုံပြင်တပုဒ်လို မသာယာနိုင်တော့ဘဲ ခါးသီးလှတဲ့ သမိုင်းဒဏ်ရာတွေဘက်ကို ဦးတည်သွားခဲ့ပါတယ်။ အဘွားရဲ့ မျက်ဝန်းတွေက ဝေးလံလှတဲ့ အတိတ်က ရန်ကုန်မြို့ရဲ့ လမ်းမတွေဆီကို ငေးမောကြည့်နေသယောင် ရှိပါတယ်။
"ငါ့ဘဝက အရေးအခင်းတွေကြားမှာ ကြီးပြင်းခဲ့ရတာ။ ၆ နှစ်သမီးအရွယ် တရုတ်-ဗမာ အရေးအခင်းကစလို့ ဦးသန့်အရေးအခင်း၊ ဘုန်းမော်အရေးအခင်းနဲ့ ၈၈ အရေးအခင်းအထိ အကုန်ကြုံခဲ့တာ။"
အဘွားက ဦးသန့်အရေးအခင်းအကြောင်း ပြောပြတဲ့အခါ အသံတွေက တုန်ယင်နေပါတယ်။ အဲဒီတုန်းက အဘွားဟာ အရွယ်ကောင်း လူငယ်ဘဝပေါ့။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်းကို မြေချဖို့ ကြံတောသုသာန်ကို သယ်ဆောင်လာချိန်မှာ ကျောင်းသားတွေနဲ့ စစ်တပ်အကြား အားပြိုင်မှုတွေက ပြင်းထန်ခဲ့တာ။
"ဦးသန့်ရဲ့ ရုပ်အလောင်းကို ထည့်ထားတာက တရုတ်ခေါင်းမျိုး။ အမည်းရောင် အချွန်ကြီးနဲ့။ ကျောင်းသားတွေက အဲဒီအခေါင်းကြီးကို အသက်နဲ့လဲပြီး ဖက်ထားကြတာ။ ငါလည်း အဲဒီတုန်းက ဆေးကျောင်းသူ သူငယ်ချင်းတယောက်နဲ့အတူ လိုက်သွားကြည့်မိသေးတယ်။"
အဘွားရဲ့ စကားလုံးတွေထဲမှာ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ ထိတ်လန့်စရာ မြင်ကွင်းတွေက ကွက်ကွက်ကွင်းကွင်း ပြန်လည်အသက်ဝင်လာပါတယ်။ အဲဒီနေ့က သူနဲ့အတူပါသွားတဲ့ ဆေးကျောင်းသူက အဘွားကို "နင်ပြန်တော့... ပြန်တော့" ဆိုပြီး အတင်းနှင်လွှတ်ခဲ့လို့သာ အခုလို သက်ရှိထင်ရှား ရှိနေတာလို့ အဘွားက ဆိုပါတယ်။
"ဟိုက အခေါင်းကို ကုတ်နဲ့လာချိတ်ပြီး အတင်းဆွဲယူတာ၊ ကျောင်းသားတွေကလည်း လက်မလွှတ်ဘူး။ ငါ့ကို ပြန်ခိုင်းတဲ့ ဆေးကျောင်းသူလေးလေ၊ သူ နောက်ရက်တွေမှာ အိမ်ပြန်မလာတော့ဘူး။ သူ့အဖေက ရှေ့နေ၊ ငါတို့နဲ့ တရပ်ကွက်တည်းသားတွေ။ အဲဒီအရေးအခင်းမှာတင် အသက်ပေးလိုက်ရတဲ့ ကလေးတွေ မနည်းဘူး။"
အဘွားက စကားကို ခဏရပ်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ပါတယ်။ အတိတ်က အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာ မှန်ပေမဲ့ အခုလက်ရှိ အပြင်လောကမှာ ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူကျလွန်းနေတာက ရင်နာစရာ ကောင်းလှပါတယ်။
တခေတ်ပြီးတခေတ်၊ မျိုးဆက်တခုပြီးတခု မြန်မာပြည်ရဲ့ လမ်းမတွေပေါ်မှာ လူငယ်တွေရဲ့ သွေးတွေက မခြောက်နိုင်သေးဘူး ဆိုတာကို အဘွားရဲ့ အမှတ်တရတွေက သက်သေခံနေပါတယ်။ အဘွားက ကြေကွဲစရာ အတိတ်ဟောင်းတွေကို ပြန်တူးဆွရင်း ပြန်ပြောပြနေတာပါ။
"ငါတို့နေခဲ့တဲ့ ရပ်ကွက်ကို သူတို့က 'မိုးသီးဇွန်သူပုန်နယ်မြေ' ဆိုပြီး အမည်းရောင်နယ်မြေ သတ်မှတ်လိုက်ကြတာ။ အဲဒီနောက်ပိုင်းတော့ ရပ်ကွက်ကို ဖျက်ရမယ်ဆိုပြီး အတင်းအဓမ္မ ဖိအားပေးလာတော့တာပဲ။"
အဘွားရဲ့ စကားသံထဲမှာ အိုးအိမ်မဲ့သွားရသူတယောက်ရဲ့ နာကျင်မှုတွေ ကပ်ပါနေပါတယ်။ ရပ်ကွက်ကို အပိုင်း ၃ ပိုင်းခွဲပြီး လူတွေကို အဝေးတနေရာစီကို မောင်းထုတ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးပေါ့။ ဒိုက်ဦးဘက်ကို ရောက်သွားသူတွေက မြေကွက်ရတယ်ဆိုပေမဲ့ လူသူမနီးတဲ့ တောအရပ်မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဒုက္ခပင်လယ်ဝေခဲ့ကြရတာ။
"ငါတို့ကတော့ ဒဂုံတောင်ဘက်ကို ရောက်သွားတာ။ အဲဒီတုန်းက လှိုင်သာယာပြောင်းချင်ရင် ကျပ် ၁,၅၀၀ ပေးရတယ်။ ဒဂုံဘက်ဆိုရင်တော့ ကျပ် ၄,၈၀၀ ပေးရတယ်။ ပိုက်ဆံပေးပြီး ပြောင်းရတာတောင် ရောက်သွားတဲ့နေရာက အဆင်မပြေဘူးလေ။"
မြေနီလမ်းတွေနဲ့ ရွှံ့ဗွက်တွေအကြောင်း ပါလာတယ်။ ကားပေါ်က ပစ္စည်းတွေချရင်း ရွှံ့ဗွက်ထဲ ချော်လဲကြတဲ့သူတွေ၊ လယ်ကွင်းပြင် ထီးထီးကြီးထဲမှာ ဘဝကို သုညကနေ ပြန်စရတဲ့သူတွေရဲ့ ပုံရိပ်ဟာ အဘွားရဲ့ စကားလုံးတွေထဲမှာ အသက်ဝင်နေပါတယ်။
"နေရပ်မပြောင်းခင် ညက စစ်သားတွေနဲ့ ပြဿနာတက်ခဲ့တာကိုလည်း အခုထိ မှတ်မိနေသေးတယ်။ အဲဒီတုန်းက သံဈေးမှာ ဈေးရောင်းတာလေ။ ညမထွက်ရအမိန့်တွေ ရှိနေပေမဲ့ ဝမ်းရေးအတွက် မိုးချုပ်မှ အိမ်ပြန်ရတာ။ အလုပ်နဲ့ အိမ်က ဘယ်လောက်ပဲဝေးဝေး၊ ကိုယ့်မှာက တခြားရွေးချယ်စရာမှ မရှိတာ။"
အာဏာရှိသူတွေက နယ်မြေတခုကို အရောင်တွေခြယ်ပြီး စိတ်ကြိုက်ဖျက်ဆီးခဲ့ကြပေမဲ့ အဲဒီအရောင်တွေကြားမှာ နင်းခြေခံလိုက်ရတာကတော့ အဘွားတို့လို သာမန်ပြည်သူတွေရဲ့ ဘဝတွေပါပဲ။
အဘွားက စကားကို ခဏရပ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညတညကို ပြန်လည်မြင်ယောင်နေပုံရပါတယ်။ အဲဒီညက အဘွားရဲ့ဘဝမှာ ကြောက်စိတ်နဲ့ သတ္တိကို အားပြိုင်ခဲ့ရတဲ့ ညတညပေါ့။
"အဲဒီညက ၃၉ လိုင်းကားအသေးလေးနဲ့ ပြန်လာတာ။ ဗိုက်ပူကားကြီး မဟုတ်ဘူး၊ မြို့ထဲပြေးတဲ့ ကားအသေးလေး။ နောက်ဆုံးကားဆိုတော့ လူတွေက ကားပေါ်မှာ ပြည့်ကျပ်နေတာပဲ။ ဖြစ်ချင်တော့ ကားတစီးလုံးမှာ မိန်းမဆိုလို့ ငါတယောက်တည်း ပါတယ်။ ကျန်တာ အကုန်လုံးက ယောက်ျားသားတွေချည်းပဲ။"
မိုးချုပ်စပြုနေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ 'မာရှယ်လော' (Martial Law) အမိန့်တွေက ခြိမ်းခြောက်နေတဲ့အချိန်။ လမ်းမှာ စစ်ဆေးရေးဂိတ်တခုက ကားကို တားလိုက်တဲ့အခါ ညဉ့်နက်သန်းခေါင်ရဲ့ တိတ်ဆိတ်မှုဟာ သေနတ်သံမထွက်ဘဲနဲ့ကို အေးစက်သွားခဲ့ပါတယ်။ စစ်သားတွေက ကားသမားကို အပြင်ဆွဲထုတ်ပြီး ပါးရိုက်တာကနေ စတာပါပဲ။
"ကားသမားကလည်း တောင်းပန်ရှာပါတယ်။ လူအများကြီးမတင်ရဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ နောက်ဆုံးကားမို့လို့ အကုန်တင်ခေါ်လာရတာပါလို့ ပြောတာကို မရဘူး။ ပါးရိုက်ရုံတင်မကဘူး၊ ရိုက်တဲ့စစ်သားက သူ့လက်နာလာတော့ သေနတ်ဒင်နဲ့ပါ ထုတာ။"
ကားပေါ်က ယောကျ်ားသားတွေအကုန် အပြင်မှာ တန်းစီပြီး ပါးရိုက်ခံကြရတယ်။ ဝန်ကြီးများရုံးက ပြန်လာတဲ့ ၂ ယောက်ကလွဲလို့ ကျန်တဲ့သူတွေဟာ အကြောင်းပြချက်မရှိဘဲ နှိပ်စက်ခံကြရတာပါ။ အဘွားအလှည့်ရောက်တော့ စစ်သားက မေးပါတယ်။
"ကျမ အသီးရောင်းတာပါ။ သစ်သီးဝလံတွေ ရောင်းတာပါလို့ အကြိမ်ကြိမ် ပြောပြရတယ်။ ဘာလို့ နောက်ကျတာလဲဆိုတော့ ဆိုင်ရှင်က မပြန်ခိုင်းလို့ပါလို့ ပြောပြတာကိုလည်း သူတို့က နားမလည်ချင်ယောင် ဆောင်နေကြတာ။ အချိန်က ည ၈ နာရီကနေ ၉ နာရီ ဖြစ်လာပြီ။ ဘယ်သူ့ကိုမှ ပြန်မလွှတ်သေးဘူး။"
အဲဒီအချိန်မှာ အဘွားရဲ့ရင်ထဲမှာ ကြောက်စိတ်ထက် ဒေါသက ပိုလာခဲ့ပုံရပါတယ်။ ဘေးနားက ယောက်ျားတယောက်ကို အဘွားက တိုးတိုးလေး ကပ်ပြောလိုက်တယ်။
"ကျမ အော်တော့မယ်"
"ဟ မအော်ပါနဲ့၊ ဘာလို့ အော်မှာလဲ" ဆိုပြီး ဟိုလူက တားရှာပေမဲ့ အဘွားကတော့ သူလုပ်ရမဲ့ အလုပ်ကို ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ အာဏာရှိသူတွေရဲ့ မတရားမှုကို ရိုးရိုးသားသား တောင်းပန်နေလို့ မရဘူးဆိုတာကို အဘွားက အဲဒီညကတည်းက သဘောပေါက်ခဲ့တာ ဖြစ်မှာပါ။
"အဲဒီအချိန်မှာ ငါက စဉ်းစားလိုက်တာ၊ ဒီအတိုင်းနေရင်တော့ ငါတို့အားလုံး မိုးလင်းသွားမယ်။ ဒါနဲ့ ဘေးကလူကို အော်တော့မယ်လို့ ပြောပြီး စစ်သားတွေရှေ့မှာတင် "ဗိုက်နာလို့ပါရှင်... ဗိုက်အောင့်လို့ပါ" ဆိုပြီး အသံကုန်ဟစ်ပြီး အော်ချပစ်လိုက်တာ။"
အဘွားက အဲဒီတုန်းက သူအော်ခဲ့တဲ့ ပုံစံကို လူရိပ်လူခြေကြည့်ပြီး အားရပါးရ ပြန်ပြောပြနေတာပါ။ အာဏာပြပြီး လူတွေကို မတရားဖမ်းဆီး နှိပ်စက်နေတဲ့ စစ်သားတွေဟာ အဘွားရဲ့ ရုတ်တရက် ဗိုက်နာဗိုက်အောင့် အော်ဟစ်သံကြောင့် ဘာလုပ်ရမှန်းမသိဘဲ အယောင်ယောင်အမှားမှား ဖြစ်သွားကြတယ်တဲ့။
မိန်းမတယောက်ကလည်း ဖြစ်၊ ဗိုက်ကလည်း တကယ်နာနေသယောင် အသံကုန်ဟစ်နေတော့ စစ်သားတွေလည်း ကြောက်အားလန့်အားနဲ့ပဲ ဖမ်းထားတဲ့သူတွေ အကုန်လုံးကို စစ်ကားပေါ်တင်ပြီး တယောက်ချင်းစီ အိမ်အရောက် ပြန်ပို့ပေးခဲ့ရပါတော့တယ်။
"အဲဒီညက ငါ့ဗိုက်နာတာက အလုပ်ဖြစ်သွားတာပေါ့။ စစ်ကားကြီးနဲ့ အိမ်ရှေ့အထိ အခမဲ့ ပြန်လိုက်ပို့ပေးတာလေ" လို့ ပြောပြီး အဘွားက အားရပါးရ ရယ်နေပါတယ်။
ကျနော်တို့လည်း အဘွားကိုကြည့်ပြီး ရယ်မောနေမိကြတယ်။ ဒါဟာ သမိုင်းရဲ့ ခါးသီးမှုတွေကြားမှာ သာမန်ပြည်သူတယောက်က သူ့ရဲ့ ဉာဏ်ပညာနဲ့ ဘဝကို ဘယ်လိုကာကွယ်ခဲ့သလဲဆိုတဲ့ သင်ခန်းစာတခုလည်း ဖြစ်နေပါတယ်။ အဘွားရဲ့ ဖြတ်ထိုးဉာဏ်က အဲဒီညက လူပေါင်းများစွာကို အိမ်ပြန်လမ်း ပွင့်စေခဲ့တာပါ။
အခန်းရဲ့ ထောင့်စွန်းတနေရာကနေ တိုးညှင်းတဲ့ ဘုရားရှိခိုးသံလေး ပျံ့လွင့်လာပြီဆိုရင် အဘွား နိုးနေပြီဆိုတာ ကျနော်တို့ သိကြပါတယ်။ ဘာသံမှ မကြားရရင်တော့ အဘွား အိပ်စက်အနားယူနေတာ ဒါမှမဟုတ် ဖုန်းလေးတလုံး၊ နားကြပ်တစုံနဲ့ မြန်မာဗီဒီယိုကားဟောင်းလေးတွေကို အာရုံစိုက်ကြည့်နေတာမျိုး ဖြစ်ပါလိမ့်မယ်။
တခါတလေ ဇာတ်ကားထဲက အပြောအဆိုတွေကို သဘောကျပြီး အခန်းထဲကနေ ဟားတိုက်ရယ်မောသံ ထွက်လာတတ်တာကလည်း အေးစက်တဲ့ Safe House လေးကို သက်ဝင်လှုပ်ရှားစေပါတယ်။
အဘွားဟာ သားဖြစ်သူနဲ့ကြည့်ရင် အမေနဲ့သားထက် မြေးနဲ့အဘွားလို့ ထင်ရလောက်အောင် အသက်ကွာဟချက် ရှိပါတယ်။ အသက်ကြီးမှ ရလာတဲ့ သားလေးမို့ အဘွားရဲ့မေတ္တာက ပိုပြီးတော့လည်း လေးနက်နေပုံရပါတယ်။
အဘွားရဲ့ လက်ထဲမှာတော့ စိတ်ပုတီးကုံးလေးက အမြဲတမ်း နေရာယူထားတတ်တယ်။ အခန်းပြင်က ကော်ရစ်ဒါမှာပဲဖြစ်ဖြစ်၊ ခြံထောင့်တနေရာမှာပဲဖြစ်ဖြစ် အဘွားဟာ ပုတီးစိပ်ရင်း ဘုရားစာတွေကို ရွတ်ဆိုနေတတ်ပါတယ်။ စကားပြောကောင်းနေတုန်းမှာတောင် "ငါ ဘုရားရှိခိုးဖို့ ကျန်သေးတယ်" ဆိုပြီး ထသွားတတ်တာက အဘွားရဲ့ နေ့စဉ်ဘဝမှာ ဘုရားတရားဟာ အရေးပါနေတာကို ပြနေတာပါ။
အဘွား ထိုင်းဘက်ကမ်းကို ကူးလာရတဲ့ ခရီးကလည်း ရုပ်ရှင်လိုပါပဲ။ ပထမတခေါက်တုန်းက သားဖြစ်သူကို မွန်ပြည်နယ်အထိ လိုက်ပို့ပြီး ရထားဂိတ်ကနေ ရန်ကုန်ကို တယောက်တည်း ပြန်ခဲ့ဖူးတယ်။ အဲဒီတုန်းက သားဖြစ်သူဟာ တိုက်ပွဲတွေကြောင့် လမ်းမှာ သောင်တင်နေခဲ့တာ။ နောက်ပိုင်းမှာ သားဖြစ်သူ ထိုင်းဘက်ကို ရောက်သွားပြီး ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းကို ကြားရတဲ့အခါမှာတော့ အသက်ကြီးရင့်ပြီဖြစ်တဲ့ အဘွားဟာ အထုပ်တပြင်ပြင်နဲ့ တယောက်တည်း ခရီးထွက်လာခဲ့ပြန်ပါတယ်။
လာရတဲ့လမ်းမှာ အစစ်အဆေးတွေကလည်း မနည်းလှပါဘူး။ ဒါပေမဲ့ အဘွားကတော့ ကံကောင်းခြင်းနဲ့ ကြုံလိုက်ရပါတယ်။ ကားပေါ်မှာပါလာတဲ့ ဘုန်းကြီးတပါးကြောင့် "ဘုန်းကြီးမယ်တော်ပဲ... သွားသွား" ဆိုပြီး အလွယ်တကူ လွှတ်ပေးခဲ့ကြပါတယ်။ ကားသမားကတောင် "ဒီတခေါက် လူပို့ရတာ အစစ်အဆေး အနည်းဆုံးပဲ" လို့ အံ့သြရလောက်အောင် အဘွားရဲ့ မိခင်မေတ္တာခရီးစဉ်က ချောမွေ့ခဲ့ပါတယ်။
အဘွားကို အိမ်နဲ့ဝေးရာဆီ တွန်းထုတ်လိုက်တာကတော့ ခါးသီးတဲ့ လက်တွေ့ဘဝတွေပါပဲ။ ရန်ကုန်က အိမ်နားမှာ သားဖြစ်သူရဲ့ မိတ်ဆွေတယောက် စစ်မှုထမ်းထဲ ပါသွားခဲ့သလို နောက်တယောက်ကလည်း ကိုရီးယားကို အချိန်မီ ထွက်နိုင်လို့သာ လွတ်သွားခဲ့တာ။ ရပ်ကွက်လူကြီးက အိမ်အထိလာပြီး "သားက ဘယ်မှာလဲ၊ ပြန်ခေါ်ပေးပါ" လို့ လာပြောတဲ့အချိန်မှာတော့ အဘွားဟာ သားဖြစ်သူရှိရာဆီကို မရမက ထွက်လာဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တာ ဖြစ်ပါတယ်။
နံရံပါးပါးလေးတွေပဲ ခြားထားတဲ့ လိုင်းခန်းလေးထဲမှာ ဖုန်းပြောသံတခုက ပဲ့တင်ထပ်လို့ နေပါတယ်။
"နင်ပြန်လာရင် ပြန်လာခဲ့လေ… ငတ်တော့လည်း အတူတူ ငတ်ကြတာပေါ့" ဆိုတဲ့ တဖက်က ညီမဖြစ်သူရဲ့ စကားကို ကြားရတဲ့အခါ အဘွားက အားရပါးရ အသံထွက်ပြီး ရယ်မောနေပြန်ပါတယ်။
အဲဒီရယ်သံဟာ ပျော်လို့ရယ်တာထက် ဘဝရဲ့ ခါးသီးမှုကို လှောင်ပြောင်လိုက်တဲ့ ရယ်သံမျိုးပါ။ ပြည်တွင်းမှာ ကျန်ခဲ့သူရော ပြည်ပကို ထွက်လာသူပါ နေစရာ၊ စားစရာတွေ ခက်ခဲနေကြတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ ငတ်ဖော်ငတ်ဖက် ရှိနေသေးတယ်လို့ ထင်ချင်ထင်နေလောက်ပါတယ်။
"အိမ်ပြန်လို့လည်း မဖြစ်သေးပါဘူး" ဆိုတဲ့ အသိကပဲ အဘွားရဲ့ ခြေလှမ်းတွေကို အစိမ်းသက်သက် ရေမြေပေါ်က အခန်းငယ်လေးထဲမှာ ဆက်ပြီး အမြစ်တွယ်စေခဲ့ပါတယ်။ မရေရာ မသေချာတဲ့ ဘဝလမ်းခရီးမှာ ဒီအမယ်ကြီးအို သားအမိနှစ်ယောက် ဘယ်သောင်၊ ဘယ်ကမ်းကို ဆိုက်ကပ်ကြမလဲ ဆိုတာ အဘွားကတော့ ပူမနေတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ တခါတလေမှာတော့ "မနက်ဖြန်အကြောင်း မတွေးချင်တော့ဘူး၊ အလုပ်တွေအကြောင်းလည်း မကြားချင်ဘူး၊ စိတ်ဆင်းရဲရတာတွေကို မစဉ်းစားချင်တော့ဘူး" လို့ အဘွား ညည်းတွားတတ်တာကို နားထောင်ရင်း ကျနော်တို့အားလုံး ရင်ထဲမှာ လေးလံခဲ့ရပါတယ်။
ကျနော်တို့ လစေ့လို့ ဒီ Safe House လေးကနေ ထွက်ခွာရမဲ့အချိန် ရောက်လာခဲ့ပါပြီ။ အထုပ်အပိုးတွေကို ပြင်ဆင်ရင်း အခန်း (၁) ဘက်ကို လှည့်ကြည့်မိတော့ အဘွားတို့ သားအမိကတော့ ရက်ကျန်ရှိနေသေးတာမို့ အဲဒီအခန်းလေးထဲမှာပဲ ကျန်ရစ်နေခဲ့ပါတယ်။ နောက်တနေရာ Safe House ထပ်လျှောက်လို့ မရရင် ဘယ်မှာ ဆက်နေကြမလဲဆိုတဲ့ မေးခွန်းအတွက် အဘွားဆီမှာ တိကျတဲ့ အဖြေ မရှိသေးပါဘူး။
ကျနော် အခန်းပြင်ကို ထွက်လာတဲ့အခါ လိုင်းခန်းထောင့်စွန်းကနေ ပုံမှန်ကြားနေကျ ပုတီးစိပ်သံလေးက တိုးညှင်းစွာ ထွက်ပေါ်နေဆဲပါ။ အဲဒီအသံလေးဟာ ထွက်ခွာသွားမဲ့ ခြေလှမ်းတွေကို လုံခြုံမှုပေးနေသလို ခံစားရပါတယ်။
ညပေါင်းများစွာ အတူထိုင်ပြီး စကားပြောခဲ့ကြတဲ့ အမှတ်တရတွေ၊ အဘွားရဲ့ ဖြတ်ထိုးဉာဏ်တွေနဲ့ သမိုင်းဒဏ်ရာတွေဟာ ကျနော့်ရဲ့ ကျောပိုးအိတ်ထဲမှာ စကားလုံးအဖြစ်နဲ့ ပါလာခဲ့ပါတယ်။
Safe House ရဲ့ တံခါးဝကနေ အဘွားက အပြုံးနဲ့ နှုတ်ဆက်နေပါတယ်။ အဲဒီအပြုံးဟာ မရေရာတဲ့ ကမ်းခြေတခုမှာ သားဖြစ်သူအတွက် ကျောက်ဆောင်တခုလို ခိုင်မာနေတဲ့ မိခင်တယောက်ရဲ့ အပြုံးပါ။ အိမ်ပြန်လမ်းတွေ ပွင့်သွားမဲ့တနေ့မှာ အဘွားရဲ့ Master Key လေးက သူ့ရဲ့ စစ်မှန်တဲ့ အိမ်တံခါးကြီးကို ဖွင့်ပေးနိုင်ပါစေလို့ ဆုတောင်းရင်း ကျနော့်ရဲ့ ခြေလှမ်းသစ်တွေကို လှမ်းလိုက်ပါတော့တယ်။ ။
တာပလု










