
ရန်ကုန်တိုင်း ဒလမြို့ ရေတပ်စခန်းကနေ စစ်သားတချို့ အချုပ်ခန်းဖောက် ထွက်ပြေးသွားပြီး စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ တောနင်းရှာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒလမြို့နယ် ခနောင်ရွာနဲ့ တုံးတင်ကန်ရွာကြား၊ ရန်ကုန်မြစ်ဘေးမှာ အခြေစိုက်တဲ့ ရေတပ်မှာ ဖမ်းထားတဲ့ စစ်သားတချို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ရာနဲ့ချီတဲ့ စစ်သားတွေက ပိုက်စိပ်တိုက် ရှာနေကြတာပါ။
ခနောင်ရွာ ဒေသခံတယောက်က "ဒီလောက်များတဲ့ စစ်သားတွေ တခါမှ မတွေ့ဖူးဘူး။ တချို့ဆို ရွှံ့တွေကို ပေလူးလို့၊ လူရုပ်တောင် မပေါ်ဘူးဗျာ။ အချုပ်ဖောက်ပြေးတဲ့စစ်သားကို ရှာကြတာတဲ့။ တချို့စစ်သားတွေက သစ်ပင်အမြင့်ကြီးတွေပေါ်မှာ တပင်ကို နှစ်ယောက်၊ သုံးယောက် တက်နေကြတာလည်း တွေ့တယ်။ အခုထိ မမိသေးပုံဘဲ၊ ခြေချင်းလိမ်နေကြတုန်း" လို့ ပြောပါတယ်။
စစ်သားတချို့ ထွက်ပြေးတာရဲ့ အကျိုးဆက်အဖြစ် ခနောင်ကျေးရွာ အုပ်စုထဲက ရွာတွေကို စစ်အာဏာရှင်တပ်က ဧည့်စာရင်းစစ်တာ၊ သွားလာချိန် ကန့်သတ်တာနဲ့ စစ်ဆေးရှာဖွေတာတွေ ဒီနေ့အထိ ဆက်လုပ်နေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
ဒလမြို့မှာ နေထိုင်သူတယောက်က “ဧည့်စာရင်းစစ်တယ်။ ညဘက် ဖိနပ်သံ တဖြောင်းဖြောင်းနဲ့ ရွာထဲ ကင်းလှည့်တယ်၊ ရွာထိပ် လမ်းဆုံမှာ ရှာဖွေကြတယ်။ အခုထိ မိသေးပုံ မရဘူးလို့ ရွာက လှမ်းပြောတယ်” လို့ ပြောပါတယ်။
စစ်အချုပ်ခန်း ဖောက်ပြေးကြသူတွေဟာ ခနောင်ရွာအနီး မြစ်ကမ်းဘေးက ကျူတောအတွင်း ဝင်ပြေးတယ်လို့ ရွာသားတချို့က ပြောတာကြောင့် လက်ရှိမှာ စစ်အာဏာရှင်တပ်သားတွေဟာ ကျူတောကြီးကို ရှင်းလင်းရေး လုပ်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီရေတပ်စခန်းမှာ အရင်ကလည်း အချုပ်ဖောက်ပြေးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပြီး ပြန်ဖမ်းမိတာ ရှိသလို လွတ်သွားသူတွေလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီ ရေတပ်စခန်းဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ပစ်သတ်ရာမှာ ပါဝင်ခဲ့ပြီး ၂၀၂၁ မတ် ၁၆ ရက် ညသန်းခေါင်မှာ ဒလမြို့က ဆန္ဒပြသူတွေကို အစုအပြုံလိုက် သတ်ဖြတ်ရာမှာ အဓိက ပါဝင်ခဲ့တဲ့တပ် ဖြစ်ပါတယ်။
ရေတပ်အချုပ်ခန်း ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ဒလမြို့က စစ်အာဏာရှင်ဘက်က ဒီနေ့အထိ သတင်းထုတ်ပြန်တာ မရှိပါဘူး။











