မြင်းခြံတွင် တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ၃ ဦးလာရောက် အဖမ်းခံ
DVB
·
January 21, 2021

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ခဲ့သူ ၃ ယောက် ဒီကနေ့ မွန်းလွဲပိုင်းက မြင်းခြံ မြို့မရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ ကြပါတယ်။
တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ဒေါ်သီတာယုမွန်၊ ဦးအေးနိုင်နဲ့ ဦးကျော်ဇေဦးတို့ဟာ ငြိမ်းစုစီ ဥပဒေနဲ့ အရေးယူခံထားရပြီး မြင်းခြံထွေ/အုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပုဒ်မ ၃၀(က)တို့နဲ့ပါ ထပ်မံတရားစွဲ ခံထားရတာပါ။
တပ်မတော်ထောက်ခံပွဲကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၄ နဲ့အညီ ဆောင်ရွက်ခဲ့ပြီး လူဦးရေ ၃၀ ထက်လည်း မပိုကြောင်း၊ အလံ၊ ကြွေးကြော်သံနဲ့ လက်ကိုင်ဆိုင်းဘုတ်တွေကိုလည်း သက်ဆိုင်ရာက သတ်မှတ်ပေးတဲ့အတိုင်းသာ ဆောင်ရွက်ခဲ့တာလို့ ဒေါ်သီတာယုမွန်က ပြောပါတယ်။
အဖမ်းခံသူ ၃ ယောက်အတွက် ဥပဒေရေးရာ လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးတိုက်ကြည်က “ ဥပဒေအတိုင်းလည်း ခွင့်ပြုချက်တင်ပြီးမှသာ ခွင့်ပြုချက်အတိုင်း ၂၇ ဦး ထက်မပိုပဲ ဆန္ဒထုတ်ဖော်ကြတာပါ။ သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေနဲ့ တရားစွဲဆိုခြင်းက ဘေးဝန်းရံ ကြည့်ရှုသူတွေကိုပါ ထည့်သွင်းတရားစွဲထားသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
အလားတူ မန္တလေးတိုင်း မိတ္ထီလာ၊ ဝမ်းတွင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာလည်း တပ်မတော်ထောက်ခံပွဲတွေ ဦးဆောင် ပြုလုပ်ခဲ့သူတွေတွေ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲခံထားရပါတယ်။
ဇာဇာမောင်