DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
DVB
·
January 21, 2021
နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
Donate to DVB

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အပြင် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့အတွက် ရွေးကောက်ပွဲအား အနှောင့်အယှက်ကင်းပြီး ငြိမ်းချမ်းစွာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အပြည့်အဝ တာဝန်ယူ ကူညီဆောင်ရွက်ခဲ့တယ်လို့လည်းဆိုပါတယ်။

တပ်မတော်အပါအဝင် တခြားနိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ် အမှန်ကို ထင်ဟပ်မှာဖြစ်လို့ ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေတယ်လို့ တပ်မတော်က စိစစ် ထုတ်ပြန်ထားရာမှာ  မြို့နယ်ပေါင်း ၃၁၄ မြို့နယ်မှာ ထပ်နေတဲ့ မဲစာရင်း ၂၉၄၅၆၁၂နဲ့ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်း ၄၆၇၈၁၀၄ စုစုပေါင်း ၇၆၂၃၇၂၅ တွေ့ရှိတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အဆိုပါ ထပ်နေတယ်ဆိုတဲ့  မဲစာရင်းတွေမှာ  အမှန်တကယ် မဲမသမာမှုဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုတော့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြခြင်းမရှိပါဘူး။   

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ တပ်မတော်က စိစစ်ထုတ်ပြန်နေတဲ့ မဲစာရင်းတွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ  မဲပေးခဲ့တဲ့ နောက်ဆုံးမဲစာရင်းမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိပါက သက်ဆိုင်ရာမှာ အမှုဖွင့်တိုင်ကြားတာ ကန့်ကွက်လွှာ တင်သွင်းတာတွေလုပ်နိုင်တယ်လို့လည်းကော်မရှင်က ပြောကြားထားပါတယ်။ 

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့က မဲရုံတွေမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ မီဒီယာတွေက စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013