
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကသာ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်က သတင်းထုတ်ပြန်မှုအပြီးမှာ NLD က အခုလို ထုတ်ပြန်ခဲ့တာပါ။
အခုလို တွေ့ဆုံမှုအပေါ် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြောင်းလဲတိုးတက်လာပြီလို့ ဆောလျင်စွာ ကောက်ချက်ချခြင်းမပြုဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ကြိုးပမ်းရာမှာ လက်တွေ့ဆန်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်ပေမဲ့လည်း အတုအယောင် ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့အဆင့်ကို မရောက်ရှိစေဖို့ အရေးကြီးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ထိန်းသိမ်းထားခြင်းကလည်း မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အဓိကအတားအဆီးတရပ်အဖြစ် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ရေး ဖန်တီးနိုင်မှသာ ပဋိပက္ခချုပ်ငြိမ်းရေးကို အထောက်အကူ ဖြစ်မယ်လို့လည်း NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။










