
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စစ်အာဏာရှင်ရဲ့ အမြောက်တပ်ကနေ တပ်ကြပ်အဆင့်ရှိသူတယောက် လက်နက်တွေ ယူဆောင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
မေ ၁၂ ရက် ည ၈ နာရီဝန်းကျင်လောက်က အမြောက်တပ် အမတ ၃၄၄ ကနေ တပ်ကြပ်ကြီး အဆင့်ရှိသူဟာ လက်ပစ်ဗုံး ၂ လုံးနဲ့ M-16 သေနတ်တလက်တို့ ယူဆောင်ထွက်ပြေးသွားတာလို့ အမြောက်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်အာဏာရှင်တပ်က တပ်ကြပ်ကြီးဟာ ကင်းစောင့်နေရင်း ထွက်ပြေးသွားတာဖြစ်ပြီး ညတွင်းချင်း လိုက်လံရှာဖွေခဲ့ပေမဲ့ မေ ၁၄ ရက်အထိ ပြန်လည်ဖမ်းဆီးခံရတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အမြောက်တပ်နဲ့ နီးစပ်သူက “ရေကြည်အမြောက်တပ် ပတ်ဝန်းကျင်နဲ့ ဆိပ်ကမ်းတွေအပြင် ရေနံ့သာ စစ်ဆေးရေးဂိတ်ဘက်ပါ ချိတ်ဆက် ရှာဖွေနေတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေပါ ဝိုင်းရှာနေတာ” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးကို တပ်က အရာရှိတွေ၊ ရေတပ်အရာရှိတွေနဲ့ ရဲတွေ အင်အား ၂၀ လောက်နဲ့ မေ ၁၃ ရက်ကနေ ၁၄ ရက်အထိ အသည်းအသန် လိုက်လံရှာဖွေနေတယ်လို့ သိရ ပါတယ်။
၂၀၂၅ စက်တင်ဘာလကလည်း ရေကြည် အမြောက်တပ် အမတ ၃၄၄ ကနေ တပ်ကြပ်အဆင့်ရှိသူ တယောက် ထွက်ပြေးသွားခဲ့ဖူးပြီး အခု ဒုတိယအကြိမ်မြောက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။










