DVB Logo
Home
မြန်မာသတင်း
အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
January 16, 2021
အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ တောင်ကြီးကနေ ရန်ကုန်ကို စိုင်းမင်းအောင်လှိုင် မောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံယာဉ်ကို  ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၁ နာရီလောက်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေးနေရာမှာ စစ်ဆေးရာ လူမဲ့တန်ဆာ တင်ဆောင်လာတဲ့ ဆာလာအိတ်တွေအတွင်း လက်ဖက်ခြောက်တွေနဲ့ ရောနှောသယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြားထုပ်တွေ တွေ့ရှိခဲ့ပါတယ်။

မော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်တွေက လျှို့ဝှက် လိုက်ပါစောင့်ကြည့်ကာ  ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းကို နေ့လယ် ၁၂ နာရီခွဲအချိန် ရောက်ရှိပြီး လူမဲ့တန်ဆာ ဆာလာအိတ်တွေ လာရောက်ထုတ်ယူသူ သန်းဇော်ဦးအား AD VAN မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆာလာအိတ်အတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမယ့်သူ ရေခဲ(ခ)ကရင် အား မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်၊ ၇ လမ်း၊ အမှတ် ၂၁ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ရေခဲ(ခ)ကရင်ကို ထပ်မံစစ်ဆေးချက်အရ ညနေပိုင်းမှာ ထုတ်ယူဖို့ ကျန်ရှိနေသေးသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ အခြားယာဉ်လိုင်းကားဂိတ်ရှိ ဆာလာအိတ်တွေအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀,၀၀၀ ပြားအပါအဝင် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းအား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေ လူမဲ့တန်ဆာ ပြုလုပ်ပြီး တောင်ကြီးမြို့ရှိ ကားဂိတ်တွေကို လာရောက်တင်ဆောင်ပေးသူ မနန်းမြစိန်(ခ)မခမ်း၊ မူးယစ်ဆေးဝါးတွေ ပို့ဆောင်ခိုင်းသူ ခွန်ဌေးသန်း(ခ)ခွန်သူရ(ခ)ခွန်မောင်ပေတို့ကို တောင်ကြီးမှာ ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။

ဒါ့အပြင် စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်ဇော်ထူးကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဟိုတယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀ ပြား၊ မော်တော်ယာဉ် ၁ စီးနဲ့ ထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

သူတို့ ၅ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားပါတယ်။ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ကနေ သယ်ဆောင်ပြီး ရန်ကုန်ကတစ်ဆင့် တနင်္သာရီတိုင်း၊ မြိတ်မြို့ကို ထပ်ဆင့်ပို့ဆောင်ရောင်းချမှာလို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013