DVB Logo
Home
Lead Story
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကယ်လီကာရီနှင့် DVB မေးမြန်းချက်
DVB
·
September 18, 2026
Photo: UN
Photo: UN
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းရမဲ့ မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ အခြေအနေ၊ နေပြည်တော်ကိုသွားဖို့ ကြိုးပမ်းနေမှု စတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်သစ် ကယ်လီကာရီကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - ကယ်လီကာရီအနေနဲ့ ဧပြီလတုန်းက တွမ်အန်ဒရူးစ်ရဲ့ နေရာမှာ အစားထိုးပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ အဲဒီအချိန်ကတည်းကစပြီး ဘာတွေလုပ်ဆောင်ခဲ့ပါသလဲ။

ဖြေ - “မေလ ၁ ရက်နေ့ တာဝန်တွေကို တရားဝင် စတင်ယူခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မေလ ၁ ရက်နေ့ကတည်းက အဖွဲ့အစည်းပေါင်း ၅၀ နီးပါးနဲ့ တွေ့ဆုံခဲ့ပြီး လူကိုယ်တိုင်ရော အွန်လိုင်းဆွေးနွေးပွဲတွေကနေပါ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆီကနေ သူတို့ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေသလဲ၊ ပဋိပက္ခနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြေပြင်မှာ ဘယ်လိုအခြေအနေတွေကို တွေ့မြင်နေရသလဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း တခြားနိုင်ငံတွေမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ အပါအဝင် မြန်မာနိုင်ငံရဲ့ တခြားသော အခြေအနေတွေနဲ့ ပတ်သက်လို့ နားထောင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာလမှာ အထွေထွေညီလာခံကို တင်သွင်းရမဲ့ အစီရင်ခံစာအတွက် ပြင်ဆင်နိုင်ဖို့ ဒီဆွေးနွေးမှုတွေကို အဓိကပြုလုပ်နေတာ ဖြစ်ပါတယ်။”

မေး - အဲဒီတော့ အခုထိ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေထဲကမှ ကယ်လီကာရီ အနေနဲ့  အရေးတကြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတဲ့ အဓိကပြဿနာက ဘာပါလဲ။

ဖြေ - “အဓိကဆောင်ရွက်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာ အများအပြား ရှိပါတယ်။ တခုကတော့ မင်းအောင်လှိုင် သူ့ကိုယ်သူ ပြည်ထောင်စုသမ္မတအဖြစ် သတ်မှတ်လိုက်ပြီး နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာတာနဲ့ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားနဲ့ အရပ်ဘက် အခြေခံ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာတဲ့အချက် ဖြစ်ပါတယ်။ နောက်တခုကတော့ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ လက်ပါးစေတွေကို ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ထောက်ပံ့ပေးပြီး စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံ တချို့နဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတချို့ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင် သမ္မတနေရာယူပြီးချိန်ကတည်းက အရပ်သားတွေအပေါ် ဦးတည်တဲ့ အကြမ်းဖက်မှု အခြေအနေနဲ့ ဒါတွေကို ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အားပေးကူညီနေမှုဆိုတဲ့ အချက်နှစ်ချက်ကို အဓိကထား ဆောင်ရွက်နေတာပါ။”

မေး - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ သင့်ရဲ့ ပထမဆုံး အစီရင်ခံစာကို ဘယ်တော့လောက် မျှော်လင့်နိုင်မလဲ။

ဖြေ - “မကြာမီ အထွေထွေညီလာခံကို ပထမဆုံး အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်ပြီး အောက်တိုဘာလမှာ ပြုလုပ်မဲ့ အထွေထွေညီလာခံ တတိယကော်မတီနဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ တိုက်ဆိုင်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့လို့ လျာထားပြီး အစီရင်ခံစာဟာ ဆွေးနွေးပွဲမတိုင်မီ တလအလိုလောက်မှာ ထွက်ရှိလေ့ရှိပါတယ်။ ဒါကြောင့် စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလဆန်းမှာ ထွက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ တာဝန်ယူထားတာ လအနည်းငယ်ပဲ ရှိသေးတာကြောင့် ဒါဟာ အကြမ်းဖျင်း အစီရင်ခံစာတခုပဲ ဖြစ်ပါလိမ့်မယ်။ သုံးသပ်ဆွေးနွေးပွဲ သဘောမျိုးပဲ ဖြစ်မှာပါ။ ဒါပေမဲ့ အနာဂတ်မှာ သီးခြားခေါင်းစဉ်အလိုက် ထပ်မံထုတ်ပြန်သွားဖို့လည်း မျှော်လင့်ထားပါတယ်။”

မေး - သင်ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဆီကနေ အဓိက ကြားသိရတဲ့ အရေးတကြီး တောင်းဆိုချက်က ဘာပါလဲ။

ဖြေ - “သူတို့ရဲ့ အဓိက စိုးရိမ်ပူပန်မှုကတော့ စစ်တပ်ဟာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်ပြီး စစ်ပွဲဆင်နွှဲနေတဲ့ အချက်ကို အရေးယူဆောင်ရွက်ဖို့နဲ့ အရပ်သားတွေကို အကူအညီပေးနိုင်မဲ့၊ အကြမ်းဖက်မှု လျှော့ချပေးနိုင်မဲ့ အရပ်သားကာကွယ်စောင့်ရှောက်ရေးကို အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အရပ်သား တိုက်ခိုက်မှုတွေကြောင့်ပဲ စစ်ဘေးရှောင်ရမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ စတဲ့ စိန်ခေါ်မှုတွေ ပေါ်ပေါက်လာရတာပါ။ စစ်ဘေးရှောင်အချို့ဟာ နေရာသစ်တခုကို ရောက်တိုင်း လေကြောင်း တိုက်ခိုက်မှုတွေ ခံရတာကြောင့် နှစ်လတကြိမ်လောက် နေရာရွှေ့ပြောင်းနေရပါတယ်။ ဆင်းရဲနွမ်းပါးပြီး သီးခြားဖြစ်နေတဲ့ အသိုက်အဝန်းတွေဟာ တော်လှန်ရေးအဖွဲ့တွေ ရှိနေတဲ့နေရာမှာ ရောက်နေရုံနဲ့တင် စစ်တပ်ရဲ့ တိုက်ခိုက်တာကို ခံနေရတာပါ။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း စစ်တပ်ရဲ့ အရပ်သားတိုက်ခိုက်မှုကို ဟန့်တားနိုင်တဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့် မြန်မာ့အရပ်ဘက် အဖွဲ့အစည်းတွေအကြား ယုံကြည်မှု ကင်းမဲ့နေပါတယ်။ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေနဲ့ သံတမန်ရေးရာ အောင်မြင်မှုတွေ၊ လက်မှာ သွေးစွန်းနေတဲ့သူကို တရားဝင်မှု ပေးနေတာတွေအပေါ် သူတို့ အရမ်းစိတ်ပျက်နေကြပါတယ်။”

မေး - အဲဒီတော့ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုကို သင် ဘယ်လိုပြန်လည်ကုစားဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ - “ပထမဆုံးအနေနဲ့ သူတို့ပြောတာကို သေချာနားထောင်ဖို့နဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျမတို့ ကြားသိကြောင်း၊ ဒီစိုးရိမ်မှုတွေကို အထက်ကို တင်ပြပေးသွားမယ် ဆိုတာကို အသိပေးဖို့ အရေးကြီးပါတယ်။ ကျမရဲ့ အရင် တာဝန်ယူခဲ့သူလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်တွေကို ရောင်ပြန်ဟပ် တင်ပြတာကို အရေးကြီးတဲ့အရာအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျမလည်း အဲဒီအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် ကုလသမဂ္ဂ စနစ်အတွင်းမှာ သူတို့ရဲ့အသံကို တိုက်ရိုက်ကြားသိနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေပေးတာဟာလည်း အထောက်အကူ ပြုပါတယ်။ မကြာသေးမီက လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ အရပ်ဘက် အဖွဲ့အစည်းတွေဆီက ကျမ ကြားသိခဲ့ရတဲ့ စိုးရိမ်မှုတွေ ပါဝင်နေတာကို တွေ့ရလို့ ဝမ်းသာမိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းတခုလုံး အနေနဲ့ ပိုမိုဟန်ချက်ညီတဲ့ ကြိုးပမ်းမှုမျိုး ပြုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးလုပ်ငန်းစဉ်တွေရဲ့ စိန်ခေါ်မှုတခုကတော့ ဒါဟာ စေတနာ့ဝန်ထမ်းပုံစံမျိုး ဖြစ်တာကြောင့် အရင်းအမြစ် နည်းပါးတာပါ။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မှတ်တမ်းတင်ထားတာတွေကို ရှေ့တန်းရောက်အောင် လုပ်ဆောင်ပေးသွားမှာပါ။”

မေး - နေပြည်တော်က စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံဖို့ အစီအစဉ် ရှိပါသလား။

ဖြေ - “နိုင်ငံအတွင်း သွားရောက်လေ့လာခွင့်ရဖို့ တောင်းဆိုထားပါတယ်။ တာဝန်ယူပြီးပြီးချင်း ပထမဆုံး လုပ်ဆောင်ခဲ့တဲ့ အရာတွေထဲက တခုကတော့ တောင်းဆိုချက် ပို့တာပါ။ အရင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တာကြောင့် ကျမလည်း မသွားနိုင်စရာ အကြောင်းမရှိပါဘူး။ နယူးယောက်က သံအမတ်ကြီး ဦးကျော်မိုးထွန်းထံကိုလည်း ဝင်ရောက်ခွင့် တောင်းဆိုထားပါတယ်။ ဂျီနီဗာနဲ့ နယူးယောက်မှာရှိတဲ့ အမြဲတမ်း ကိုယ်စားလှယ် ၂ နေရာစလုံးကို တောင်းဆိုချက် ပို့ထားတာပါ။ မြန်မာနိုင်ငံတွင်း သွားရောက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေနေပါတယ်။ အဓိက စိန်ခေါ်မှုကတော့ မြန်မာနိုင်ငံ သွားရောက်ရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းတွေကို ထိန်းသိမ်းချင်တာဖြစ်ပြီး စစ်အာဏာရှင်ဟာ လာရောက်ခွင့်ပေးဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါပေမဲ့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်သလို နေပြည်တော်က အာဏာပိုင်တွေဆီကော နယူးယောက်က သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ တခြားသော နယ်မြေစိုးမိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

မေး - မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုမှာ အကြီးမားဆုံး ဟာကွက်ကို ဘယ်နေရာမှာ တွေ့ရပါသလဲ။

ဖြေ - “လုံခြုံရေးကောင်စီမှာ အဆင်မပြေမှုတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်က ကျမ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံရုံးမှာ လုပ်တုန်းက ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ ကြိုးစားခဲ့စဉ်က လုံခြုံရေးကောင်စီဟာ တရုတ်နဲ့ ရုရှားရဲ့ ဗီတိုအာဏာ သုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ အနောက်နိုင်ငံတချို့က ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်မှာ စိုးရိမ်တာတွေကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လုံခြုံရေးကောင်စီအတွင်း လှုပ်ရှားမှုအချို့ ရှိခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေတာကြောင့် သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ကန့်သတ်ခဲ့ပါတယ်။ ဒါ့အပြင် နယူးယောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ကန့်သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဂျီနီဗာမှာတော့ သံအဖွဲ့ကို စစ်အာဏာရှင်က ထိန်းချုပ်ထားတာကြောင့် ကုလသမဂ္ဂအတွင်း လူ့အခွင့်အရေး ဆောင်ရွက်ရမှုဟာ နိုင်ငံရေးဆန်ပြီး ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။”

မေး - အရပ်သားတွေဟာ အကြမ်းဖက်မှုနဲ့ စစ်ဘေးရှောင်ရမှုတွေကို ဆက်လက်ရင်ဆိုင်နေရချိန်မှာ သူတို့ကို ပိုမိုကာကွယ်ပေးနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဘာတွေ အခိုင်အမာ လုပ်ဆောင်သင့်ပါသလဲ။

ဖြေ - “စစ်အာဏာရှင် ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေတွေကို နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်တာနဲ့ အကူအညီပေးသူတွေဘက်က တိုက်ရိုက် ထိတွေ့နေရတဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် လက်တွဲဆောင်ရွက်လိုစိတ်ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ နည်းပညာ သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာမဟုတ်ဘဲ နိုင်ငံရေးဆန္ဒနဲ့ အရပ်သားတွေကို အမှန်တကယ် ကူညီချင်တဲ့ စိတ်ဓာတ် လိုအပ်နေတာ ဖြစ်ပါတယ်။”

မေး - စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးပြုနေတာကို သိကြပါတယ်။ အကူအညီပေးသူတွေအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကတဆင့် အကူအညီ အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ရှိအောင် ဘယ်လို သေချာအောင် လုပ်ဆောင်နိုင်မလဲ။

ဖြေ - “အကူအညီပေးသူတွေအနေနဲ့ ပိုမို လိုက်လျောညီထွေရှိဖို့ လိုအပ်ပြီး ဒေသခံ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ရခက်ခဲစေတဲ့ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒေသခံ အဖွဲ့အစည်းတွေဟာ သူတို့ လူထုအကြားမှာ ယုံကြည်မှု ရရှိထားပြီးသား ဖြစ်တာကြောင့် အကူအညီပေးရေး စည်းမျဉ်းတွေကို ပိုမိုဖြေလျှော့ပေးရမှာပါ။ စစ်အာဏာရှင်ကို အကူအညီတွေ ထိန်းချုပ်ခွင့်မပေးဘဲ ဒေသခံ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် လက်တွဲဆောင်ရွက်တဲ့ နည်းလမ်းတွေကို အသုံးပြုရပါမယ်။ ရိုးရာမဟုတ်တဲ့ နည်းလမ်းအသစ်တွေကို သုံးပြီး ဒေသခံ အဖွဲ့အစည်းတွေနဲ့ ကွဲပြားတဲ့ ပုံစံနဲ့ လက်တွဲဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

မေး - ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ဒီပြောင်းလဲမှုတွေ ဖြစ်လာအောင် သင် ဘယ်လိုဆောင်ရွက်သွားမလဲ။

ဖြေ - “အလှူရှင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတာဟာ အဓိက အစိတ်အပိုင်းတခု ဖြစ်သလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ ထိန်းချုပ်မှုကို အားမပေးတဲ့ နည်းလမ်းတွေနဲ့ အကူအညီပေးနိုင်အောင် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။”

မေး - စစ်တပ်က ပိတ်ဆို့ထားတဲ့ လူထုဆီ အကူအညီတွေ ရောက်ရှိဖို့ ထိုင်းနဲ့ အာဆီယံ နိုင်ငံတွေက ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ဖြေ - “ထိုင်းနိုင်ငံက စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် လူသားချင်းစာနာမှု အကူအညီတွေကို ပိုမိုရရှိနိုင်မယ်လို့ ပြောဆိုထားပေမဲ့ မင်းအောင်လှိုင်ဆီက ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရလိမ့်မယ်လို့ မျှော်လင့်ထားရင်တော့ စိတ်ပျက်ရပါလိမ့်မယ်။ အာဆီယံအနေနဲ့ ASEAN Humanitarian Action (AHA) စင်တာကတဆင့် စစ်အာဏာရှင် ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နယ်မြေတွေကို နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပိုမိုပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒါဟာ တူညီဆန္ဒ ၅ ချက် (Five-Point Consensus) နဲ့ သွေဖည်မနေပါဘူး။ အာဆီယံအနေနဲ့ တကယ် ပြန်လည်သုံးသပ်ဖို့ လိုအပ်တဲ့ နောက်ထပ် အချက်တခုကတော့ တူညီဆန္ဒ ၅ ချက်ကိုသာ စွန့်လွှတ်လိုက်ပြီး တခြားတခုခုဆီ ပြောင်းလဲသွားမယ် ဆိုရင်ပေါ့။ တကယ်တော့ တူညီဆန္ဒ ၅ ချက်ဟာ ပျော့ကွက် များလွန်းတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတာ မှန်ပေမဲ့ ဒါကို စွန့်လွှတ်လိုက်တာဟာ အာဆီယံအနေနဲ့ ဘယ်လိုနိုင်ငံရေးစိန်ခေါ်မှုကိုမှ မဖြေရှင်းနိုင်ဘူး ဆိုတာကို အထင်းသား ပေါ်လွင်သွားစေမှာဖြစ်ပြီး အဖွဲ့အစည်းတခုလုံးရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေမှာပါ။”

“ဒါကြောင့် AHA စင်တာကနေတဆင့်ဖြစ်စေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာပဲဖြစ်စေ၊ ဒါမှမဟုတ် နှစ်နိုင်ငံချင်းဆိုင်ရာ (bilateral) အလှူရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာပဲဖြစ်စေ လမ်းကြောင်းတွေရှာဖွေရင်း အာဆီယံအနေနဲ့ မိမိတို့ပြည်သူကို အထင်အရှား ရန်လိုနေတဲ့ စစ်အာဏာရှင်အလိုကျ လိုက်လျောပေးနေတဲ့ စစ်အာဏာရှင်ဗဟိုပြု အာဆီယံမဟုတ်ဘဲ စစ်မှန်တဲ့ ပြည်သူ့ဗဟိုပြု အာဆီယံဖြစ်ရေးအတွက် သေချာပေါက် စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။”

မေး - ကုလသမဂ္ဂရဲ့ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်ဟာ မြန်မာနိုင်ငံက အမျိုးသမီးများနဲ့ ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး လိုအပ်ချက်တွေကို ဘယ်လို ဖြေရှင်းပေးနေပါသလဲ။

ဖြေ - “မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်မှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ခေါင်းဆောင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အဖွဲ့အစည်းတွေဟာ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းနည်းတွေကို သေချာမှတ်တမ်းတင်နိုင်ခဲ့သလို ဒီလို ခက်ခဲတဲ့ အချိန်မှာလည်း ဝန်ဆောင်မှုတွေကို ကောင်းမွန်စွာ ပေးအပ်နေကြပါတယ်။ ဒေသခံ အမျိုးသမီး အဖွဲ့အစည်းတွေဟာ အကူအညီ အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ရှိအောင် ကူညီပေးရာမှာ တော်တော်လေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။”

မေး - ရှေ့ဆက်ပြီး မြန်မာပြည်သူတွေအနေနဲ့ လာမယ့်တနှစ်အတွင်း အထူးကိုယ်စားလှယ်ဆီကနေ ဘာတွေကို မျှော်လင့်နိုင်မလဲ။

ဖြေ - “ကျမအနေနဲ့ ရိုးသားမှုရှိရှိ၊ အချက်အလက်တွေကို အခြေခံပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို သူတို့ရဲ့ မူလလူ့အခွင့်အရေးတွေအတွက် ကူညီပြောဆိုပေးသူတဦးအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။”

မေး - တခြား ဖြည့်စွက်ပြောချင်တာမျိုး ရှိပါသေးသလား။

ဖြေ - “ဒီရာထူးမှာ တာဝန်ထမ်းဆောင်ရတာ ကျမအတွက် ဂုဏ်ယူစရာပါ။ ဒီကိစ္စတွေကို အရင်ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်တာကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013