
ယီမင်နိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး ဒေသတွင်း လုံခြုံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက်နေတဲ့ ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေပါတယ်။
ပင်လယ်နီနဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားမှာ ရေကြောင်းသွားလာခွင့်တွေအတွက် ကုလသမဂ္ဂက စက်တင်ဘာ ၁၅ ရက်မှာ ဆော်ဩခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး ဂျနီဖာ လိုဆတ်တာက ဟူသီတို့ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ လုံခြုံရေးကောင်စီကို ပြောခဲ့ပြီး ရေကြောင်းသွားလာရေးဝန်ထမ်း သုံးယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ရေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။
လက်ရှိပြဋ္ဌာန်းထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အီရန်နိုင်ငံက ပေးပို့နေတဲ့ လက်နက်တွေနဲ့ ငွေကြေးအထောက်အပံ့တွေ စီးဆင်းမှုကို ဟန့်တားဖို့ကိုလည်း သူက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ သံအမတ်ကြီး အဗ္ဗဒူလ်အဇီးဇ် အလ်ဝါဆီးလ်က “ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ နိုင်ငံတကာ ရေလက်ကြားတွေကို စစ်ရေးအရ အသုံးချနေတယ်” လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ခါလက်ဒ် ခီယာရီက ဆော်ဒီအာရေဗျနိုင်ငံထဲက အရပ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဟူသီတို့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ယီမင်နိုင်ငံရဲ့ ရှေ့တန်းတလျှောက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်တွေကို အားလုံးက အပြည့်အဝ ပြန်လည်ရယူပြီး လေးစားရမှာဖြစ်ပြီး ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံရေး ကြိုးပမ်းချက်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုခဲ့တယ်လို့လည်း သူက ကောင်စီကို ပြောပါတယ်။
ယီမင်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အဗ္ဗဒူလာ အလီ ဖာဒယ်လ် အယ်လ်ဆာဒီက ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချဖို့၊ လက်ရှိပြဋ္ဌာန်းထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ဟူသီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူပြုနေတဲ့ လက်နက်၊ နည်းပညာနဲ့ ငွေကြေးစီးဆင်းမှုတွေကို ဟန့်တားဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေကို အားကောင်း ခိုင်မာစေခြင်း အပါအဝင် ယီမင်နိုင်ငံရဲ့ နယ်မြေ၊ ကမ်းရိုးတန်း၊ ဆိပ်ကမ်းတွေနဲ့ ပင်လယ်ရေပိုင်နက်တွေအပေါ် အစိုးရအာဏာ ပြန်လည်သက်ရောက်စေရေးအတွက်လည်း ထောက်ခံမှုရဖို့ သူက ကြိုးပမ်းခဲ့ပါတယ်။
Source: Reuters











