
အမေရိကန်အစိုးရက ကုလသမဂ္ဂကို ကြွေးကျန် အမေရိကန်ဒေါ်လာ ၇၂၅ သန်း ပေးဆောင်ခဲ့လို့ ၂၀၂၇ ခုနှစ်မှာ မဲပေးခွင့်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ဒီငွေကို ပုံမှန်ဘတ်ဂျက်အတွက် စက်တင်ဘာ ၁၅ ရက်မှာ လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ဖာရန် ဟက်က စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်မှာလည်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေအတွက် အမေရိကန်ဒေါ်လာ ၁၀၂ သန်း ပေးဆောင်ခဲ့ပါတယ်။
“ဒီငွေပေးချေမှုတွေကြောင့် အမေရိကန်ဟာ ၂၀၂၇ ခုနှစ်အတွက် ပုဒ်မ ၁၉ နဲ့ ငြိစွန်းနိုင်တဲ့ အန္တရာယ် မရှိတော့ပါဘူး” လို့ ဟက်က ပြောပါတယ်။
ကုလပဋိညာဉ် ပုဒ်မ ၁၉ အရ ကြွေးကျန်ပမာဏက ပြီးခဲ့တဲ့ ၂ နှစ်စာ ထည့်ဝင်ကြေးနဲ့ ညီမျှတာ ဒါမှမဟုတ် ပိုများတာဆိုရင် အထွေထွေညီလာခံမှာ မဲပေးခွင့် ဆုံးရှုံးနိုင်ပါတယ်။
အခုငွေပေးချေပြီးနောက်မှာလည်း အမေရိကန်ဟာ ပုံမှန်ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၂ ဘီလီယံ ပေးဖို့ ကျန်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်ဟာ ကုလသမဂ္ဂဘတ်ဂျက်ကို ငွေအများဆုံး ထည့်ဝင်တဲ့နိုင်ငံ ဖြစ်ပေမဲ့ ထရမ့်ပ်အစိုးရ လက်ထက်မှာ မဖြစ်မနေ ပေးသွင်းရမဲ့ငွေတွေ နှောင့်နှေးနေပါတယ်။
ကုလအေဂျင်စီတွေဆီ သဘောဆန္ဒအလျောက် ထည့်ဝင်တဲ့ ရန်ပုံငွေတွေကိုလည်း အကြီးအကျယ် ဖြတ်တောက်ထားပါတယ်။
နောက်ထပ်ငွေပေးချေမှုတွေက ကုလသမဂ္ဂရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မူတည်မယ်လို့ အမေရိကန် တာဝန်ရှိသူတယောက်က ဩဂုတ်လမှာ ပြောထားပါတယ်။
ငွေကြေးအကျပ်အတည်း ကြုံနေရတဲ့ ကုလသမဂ္ဂကတော့ UN80 အစီအစဉ်နဲ့ ပြုပြင်ပြောင်းလဲရေး၊ အသုံးစရိတ်လျှော့ချရေးတွေ လုပ်နေပါတယ်။











