အန်အယ်လ်ဒီနှင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားပါတီများ တွေ့ဆုံမည်
အာကာ
·
January 13, 2021

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်အဖွဲ့တို့ အခုရက်ပိုင်းအတွင်းတွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဖိတ်ကြားခံထားရတဲ့ ပါတီတွေကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၁၃ ရက်က ကယားပြည်နယ်ကနေ ရှမ်းပြည်နယ်ကို ထွက်ခွာလာပြီး တွေ့ဆုံမယ့် ရက်ကိုတော့ ညှိနှိုင်းဖို့ကျန်သေးတယ်လို့ ရှမ်းပြည်နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန်က ပြောပါတယ်။
တွေ့ဆုံဖို့ ဖိတ်ကြားခံထားရတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး မိုင်းအုန်းခိုင်က “ဖိတ်ကြားထားပါတယ်။ ကျနော်တို့တွေ့မှာပါ။ ရက်တော့ ထပ်ပြောမယ်လို့ ပြောပါတယ်။ နေရာကတော့ အန်အယ်လ်ဒီ ပါတီက ဖိတ်တဲ့ နေရာပါပဲ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မှာ ပြည်နယ်လွှတ်တော် ၇ နေရာ၊ ပြည်ထောင်စုလွှတ်တော်မှာ ၄ နေရာ အနိုင်ရထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ခွန်သိန်းဖေက “နေရာကတော့ သူတို့ရုံးပဲ၊ ကျနော်တို့က နေရာပြဿနာမရှိဘူး။ အဓိကကတော့ ရလဒ်ပဲ။ ရလဒ်ကောင်းဖို့။ ပထမ ကတော့ ဒီနေ့တွေ့ဖို့ပြောထားတယ်။ Confirm တော့ မလာသေးဘူး”လို့ ပြောပါတယ်။
အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၂ ရက်မေနေ့က လွိုင်ကော်မြို့မှာ ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် နေရာပြဿနာကြောင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့သလို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မွန်ညီညွတ်ရေးပါတီ (MUP) နဲ့ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ နေရာ ညှိနှိုင်းမရလို့ ဆွေးနွေးပွဲပျက်သွားခဲ့ရပါတယ်။