DVB Logo
Home
Lead Story
အခြေခံဥပဒေပြင်ရန် စစ်အာဏာရှင်သမ္မတက လွှတ်တော်ကို ညွှန်ကြားစာပို့
ဟန်န
·
July 12, 2026
Photo: Head of State
Photo: Head of State
Donate to DVB

တရားမဝင်ရယူထားတဲ့ သမ္မတအာဏာစက် ပိုပြီးကျယ်ပြန့်စေမဲ့ အခြေခံဥပဒေ ပြင်ဆင်တာတွေလုပ်ဖို့ စစ်အာဏာရှင်သမ္မတက လွှတ်တော်ကို ညွှန်ကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ဆီမှာ ပြန်လည်မှတ်ပုံတင်ကြတဲ့ ပါတီတွေ၊ အမည်ခံ ငြိမ်းချမ်းရေးကော်မတီတွေနဲ့ ဆွေးနွေးလို့ရလာတဲ့ အခြေခံဥပဒေပြင်ဆင်ချက် ၄၃ ခုကို ဆက်လက်ဆောင်ရွက်ဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က အတုအယောင်လွှတ်တော်ကို စာပို့လိုက်တာပါ။

အခြေခံဥပဒေ ပုဒ်မ ၄၃၆- က နဲ့သက်ဆိုင်တဲ့ အချက် ၁၆ ချက်၊ ပုဒ်မ ၄၃၆- ခ နဲ့သက်ဆိုင်တဲ့ အချက် ၂၇ ချက်၊ စုစုပေါင်း ၄၃ ချက်ကို ဇူလိုင် ၁ ရက်စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင် က “စနစ်တခုကို ပြောင်းလဲသွားလောက်တဲ့ အထိတော့ မဖြစ်ဘူးပေါ့၊ အားလုံးအလုံးစုံ ဒီ ၄၃ ချက်ပြင်ရုံနဲ့ ကျနော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကြီး ဖြစ်ပါ့မလားဆို မဖြစ်ပါဘူးဗျ။ ဒီဟာတွေက စနစ်တခုလုံး ပြောင်းလဲလောက်အောင် ထားနိုင်တဲ့အဆင့် မဟုတ်ပါဘူး။ ဒါ လိုအပ်တာလေးတွေကို ပြင်ဆင်ဖြည့်စွက်တဲ့ သဘောပါပဲဗျ။ မလိုတာလေးတွေ ပယ်ဖျက်ပြီး ထိရောက်အောင် ကျနော်တို့ လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ ရှိလာမလား၊ ဒါတွေက အကုန်လုံး အတည်ပြုနိုင်မလား ဆိုတော့ ဒါက အကုန်လုံး အတည်ပြုမဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NSPNC မှာ အားလုံးကို ကိုယ်စားပြုပြီး တင်ထားတာ ဖြစ်တဲ့အတွက် အစုအဖွဲ့အသီးသီး သက်ဆိုင်သူအားလုံးပေါ့၊ အဖွဲ့အားလုံးကို ကိုယ်စားပြုပြီး တင်ထားတာ ဆိုတော့ ကိုယ့်ခေါင်းဆောင်တွေ လက်နဲ့ရေးထားတာကိုတော့ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ခြေနဲ့ဖျက်မဲ့သူ မရှိဘူး။ ဒါကြောင့် ဒီ၄၃ ချက်က အောင်အောင်မြင်မြင် အတည်ပြုမယ်လို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ပြင်ဆင်ချက်ထဲမှာ တပ်မတော်ဟာ ‘တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပြီး’ အင်အားတောင့်တင်း စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတခုတည်းသော မျိုးချစ်တပ်မတော်လို့ ပုဒ်မ ၂၀ (က) ကို ပြင်ဆင်ထားပါတယ်။ မူလ ပုဒ်မထဲမှာ 'တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပြီး' ဆိုတဲ့ စာသားကို ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။

ပုဒ်မ ၅၃ ပုဒ်မခွဲ (က) မှာ တိုင်းနဲ့ ပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ဖို့ အကြောင်းပေါ်လာရင် အဲဒီနယ်နိမိတ်ထဲ နေထိုင်တဲ့ မဲပေးခွင့်ရှိသူတွေရဲ့ သဘောထားကို ယူရမယ် ဆိုတာ ပါဝင်ပါတယ်။ အခု ပြင်ဆင်ချက်မှာတော့ အဲဒီသဘောထားတွေအပြင် ‘နယ်နိမိတ် ထိစပ်နေတဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက လူထုရဲ့ဆန္ဒသဘောထားကိုပါ ရယူရမယ်’လို့ ဖြည့်စွက်ထားပါတယ်။

အာဏာသိမ်းမခံရခင် NLD အစိုးရလက်ထက်တုန်းကလည်း စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈၊ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ နဲ့ ဆက်စပ်တဲ့ ပြင်ဆင်ချက်တွေကို လုပ်ဖို့ ကြိုးပမ်းဖူးပေမဲ့ အဲဒီတုန်းက ကြံ့ခိုင်ရေးပါတီအမတ်တွေနဲ့ စစ်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

အခုပြင်ဆင်မဲ့ ပုဒ်မ ၄၃၆ ပါ အချက်တွေကို အတုအယောင် ရွေးကောက်ခံအစိုးရအဖြစ် မပြောင်းခင်ကတည်းက အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ အပါအဝင် ပါတီတွေ၊ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ သဘောတူခဲ့တာဖြစ်လို့ လွှတ်တော်မှာ ကန့်ကွက်မှု မရှိနိုင်ဘူးလို့ နိုင်ငံရေးပါတီတာဝန်ရှိသူတချို့က ပြောပါတယ်။

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က အာဏာသိမ်းပြီးကတည်းက စစ်တပ် စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေတယောက်က “ပြင်မယ်ဆိုတဲ့ ၄၃ ချက်ထဲမှာ နိုင်ငံတော် အခြေခံမူများဆိုတဲ့ ခြေဥအခန်း ၁ က ပုဒ်မတွေလည်း ပါတယ်လို့ သိရတယ်။ ဒီထဲက တချို့ပုဒ်မတွေက သမ္မတကို လုပ်ပိုင်ခွင့်အပြည့်အဝပေးလိုက်တာမျိုးတွေ ရှိမယ်။ နောက် သူက တပ်ချုပ်ကနေ နားပြီး သမ္မတ လုပ်တာဆိုတော့ တပ်ချုပ်ကိုလည်း လုပ်ပိုင်ခွင့် အပြည့်အဝ မပေးရဲဘူး။ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ထားချင်တယ်။ ကြံ့ခိုင်ရေးနဲ့ သူ့လူယုံ ဗိုလ်ချုပ်ကြီးတွေ ကြီးစိုးထားတဲ့ လွှတ်တော်မှာ မင်းအောင်လှိုင်က သူ့အာဏာကို အထိန်းအကွပ်မဲ့အောင် ဥပဒေတွေကို လိုသလို ပြင်ဆင်နေမှာပါပဲ” လို့ ပြောပါတယ်။

သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ ခန့်အပ်ရမယ် ဆိုတဲ့နေရာမှာ 'တပ်ချုပ်နေရာ လစ်လပ်လို့ ခန့်အပ်ဖို့ လိုတဲ့အခါ သမ္မတဟာ ကာလုံအဆိုပြုထောက်ခံချက်နဲ့ တပ်ချုပ်ကို ခန့်အပ်နိုင်တယ်' ဆိုတဲ့စာသား ဖြည့်စွက်ပြီး ပုဒ်မ ၃၄၂ ကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းသမ္မတ ပြင်မယ်လို့ ပြောလာတဲ့ ၂၀၀၈၊ အခြေခံဥပဒေထဲက ပုဒ်မတွေထဲမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ပိုတိုးမြှင့်သွားနိုင်တဲ့ ပြင်ဆင်ချက်တွေ ပါဝင်ပြီး တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကို အခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ဒေသဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲခွင့်လိုဟာမျိုး ပြင်ဆင်ချက်တွေလည်း ပါဝင်တယ်လို့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။

အခု ပြင်ဆင်မယ်ဆိုတဲ့ ၄၃ ချက်ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား ဆွေးနွေးပွဲ ၂၈ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပွဲ ၁၄ ကြိမ်ကနေ ရခဲ့တဲ့ သဘောတူညီချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013